ဘန်ကောက်၊ ဇန်နဝါရီ ၁၄
ပိုင်ဆိုင်မှုနဲ့ ပေးဖို့ရှိတဲ့ အကြွေးပမာဏ ကြေညာရာမှာ ပုဂ္ဂိုလ်ရေး ချမ်းသာကြွယ်ဝမှုတွေကို ဖုံးကွယ်ထားဖို့ အကြွေး ဘတ် ၄ ဘီလီယံကို ထည့်သွင်း ဖော်ပြထားတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာဟာက ပယ်ချလိုက်ပါတယ်။
မိသားစု ချေးငွေအဖြစ် ကြေညာထားတယ်ဆိုတဲ့ အဲဒီကြွေးမြီနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို တုံ့ပြန်ရာမှာ ဝန်ကြီးချုပ်က အခုလိုမျိုးငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ပေသွန်ထန်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပေးဖို့ရှိတဲ့ အကြွေး စာရင်းကို အခုလ စောစောပိုင်းက အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် NACC က ကြေညာခဲ့တာပါ။
နိုင်ငံရေး ရာထူးတွေ ရယူမယ့်သူတွေအနေနဲ့ သူတို့ရဲ့ ရာထူးကို လက်ခံချိန်မှာ သူတို့ရဲ့ ပိုင်ဆိုင်မှုနဲ့ ပေးဖို့ရှိတဲ့ အကြွေးကို အများပြည်သူ သိရှိစေရေး မဖြစ်မနေ ကြေညာပေးရတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ပေသွန်ထန်နဲ့ ခင်ပွန်း ပီတာကာ ဆွတ်ဆာဝပ်တို့ရဲ့ စုစုပေါင်း ကြွယ်ဝမှုဟာ ဘတ် ၁၃ ဒသမ ၉၉ ဘီလီယံ ရှိတယ်လို့ ကြေညာထားပါတယ်။
ဝန်ကြီးချုပ်ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးက ဘတ် ၁၃ ဒသမ ၈၄ သန်း ရှိပြီး ခင်ပွန်း ပီတာကာရဲ့ ပိုင်ဆိုင်မှု တန်ဖိုးက ဘတ် ၁၄၁ ဒသမ ၁၁ သန်း ရှိတယ်လို့ သိရပါတယ်။
သူတို့ရဲ့ သားသမီးတွေရဲ့ ပိုင်ဆိုင်မှု တန်ဖိုးက ဘတ် ၅ သိန်း ရှိတယ်လို့ သိရပါတယ်။
သူတို့ ဇနီးမောင်နှံရဲ့ စုစုပေါင်း အကြွေး ပမာဏဟာ ဘတ် ၄ ဒသမ ၄၄ ဘီလီယံရှိပြီး ဝန်ကြီးချုပ် ပေသွန်ထန်ရဲ့ ပေးဖို့ရှိတဲ့ အကြွေး ပမာဏက ဘတ် ၄ ဒသမ ၄၃ ဘီလီယံ ဖြစ်ပြီး သူ့ခင်ပွန်းရဲ့ အကြွေးက ဘတ် ၁ ဒသမ ၁၇ ဘီလီယံ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ ဝန်ကြီးချုပ်ရဲ့ အကြွေးတွေ အားလုံးဟာ လူ ၅ ဦးကို ပေးဆပ်စရာ ရှိနေတာ ဖြစ်ပြီး အဲဒီ ၅ ဦးစလုံးဟာလည်း သူ့ရဲ့ ဆွေမျိုးတွေ ဖြစ်ပါတယ်။
သူ့ရဲ့ အကြွေး ထက်ဝက်ကျော်က အစ်မဖြစ်သူကို ပေးဆပ်စရာ ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဝန်ကြီးချုပ်ဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ချမ်းသာကြွယ်ဝမှုတွေကို ဖုံးကွယ်ထားဖို့ အကြွေးတွေကို ဖော်ပြထားတာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီလို ပြောဆိုမှုတွေကို ဝန်ကြီး ပေသွန်ထန်က ပယ်ချထားပြီး အကြွေးတွေဟာ သူတို့ မိသားစုဝင်တွေကြား တရားဥပဒေအရ အသေအချာ ချဉ်နှောင်ထားတာ ဖြစ်ပြီး ဥပဒေနဲ့ ကိုက်ညီမှု ရှိတယ်လို့ ပြောဆိုခဲ့တာပါ။
ဖော်ပြဖို့ လိုအပ်တာတွေ အားလုံးကို NACC ထံ တင်ပြထားပြီး ဖြစ်သလို စာရွက်စာတမ်း သက်သေ အထောက်အထားတွေ ရှိတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာလည်း ပိုင်ဆိုင်မှု ဖုံးကွယ်ထားတယ်ဆိုတဲ့ အရှုပ်တော်ပုံနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။
Ref:Bangkokpost