ကျိုက်မရော ၊ ဇန်နဝါရီ ၁၃
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ဒရုန်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေကုပ်ယူထားတဲ့ ကျိုက်မရောမြို့နယ်ရှိ ကဒါကျေးရွာ ရဲစခန်းကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ တောင်ကလေးကျေးရွာ ရဲစခန်းကိုပါ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ကဒါကျေးရွာ ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သလို တောင်ကလေးရဲစခန်းမှာလည်း တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NMSP AD ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျိုက်မရော ရဲစခန်းနှစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD