ဘီးလင်း၊ ဇန်နဝါရီ ၁၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း – ဖာပွန်လမ်းပိုင်းရှိ လဂွန်းပျိုစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ဇန်နဝါရီ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဘီးလင်း – ဖာပွန်လမ်းပိုင်းရှိ လဂွန်းပျိုစခန်းဟာ ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထောက်ပို့ပေးနေတဲ့ လမ်းကြောင်းအပေါ်မှာတည်ရှိပြီး စစ်ကောင်စီအတွက် အရေးပါတဲ့စစ်စခန်းတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ချအလင်းဝင်လာတဲ့ လဂွန်းပျိုစခန်းက ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေက ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပေးထားတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူလူထုအပေါ် အ ကြမ်းဖက်လုပ်ရပ်တွေ ထပ်မံမပြုလုပ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ လာရောက် ချိတ် ဆက်ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

အလားတူ ဇန်နဝါရီ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တို့မှာလည်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ကောင် စီတပ်ဖွဲ့ဝင် ၅ ဦးဟာ လက်နက်တွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေထံ အလင်းဝင်ခဲ့တာပါ။

NUG ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၁၅၀၀၀ နီးပါး အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.