နယူးယောက်၊ ဇန်နဝါရီ ၁၁

အပြာရုပ်ရှင် အမျိုးသမီးသရုပ်ဆောင် တစ်ဦးကို နှုတ်ပိတ်ခငွေ ပေးခဲ့တဲ့ အမှုအတွက် အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ် ထရန့်အနေနဲ့ ထောင်ဒဏ် ဒါမှမဟုတ် တခြား ပြစ်ဒဏ်ပေးမှု တစ်စုံတစ်ရာ ချမှတ်ခံရမှာ မဟုတ်ဘူးလို့ တရားသူကြီး တစ်ဦးက ဇန်နဝါရီ ၁၀ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

တရားသူကြီး ဟွန် မားချန့်က အသက် ၇၈ နှစ်အရွယ် ထရန့်ကို သူ့ရဲ့ ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ ခြွင်းချက် မရှိ ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

ထရန့်ဟာ ပြစ်မှု ထင်ရှားလို့ ပြစ်ဒဏ် ချမှတ်ခံထားရချိန် ရာထူး လက်ခံ ရယူတဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ သမ္မတတွေကို ပြစ်ဒဏ် မချမှတ်ရေး ကာကွယ်ပေးထားတဲ့အတွက် ထရန့်ကို ထောင်ဒဏ်၊ ဒဏ်ကြေးနဲ့ တခြား ပြစ်ဒဏ် မချမှတ်တာ ဖြစ်ကြောင်း တရားသူကြီး ဟွန် မားချန့်က ပြောဆိုထားပါတယ်။

ထရန့်အနေနဲ့ ဒီလို ဥပဒေအကူအညီနဲ့ ရာထူး ရယူနိုင်မှာ ဖြစ်ပေမယ့် သူ့ရဲ့ ရာဇဝတ်မှုမှာ ပြင်းထန်တဲ့ အတိုင်းအတာ လျော့သွားတာ မဟုတ်သလို သူ့လုပ်ရပ် တရားမျှတတယ်လို့လည်း ဆိုလိုတာ မဟုတ်ဘူးလို့ တရားသူကြီး ဟွန်မားချန့်က ဆိုပါတယ်။

ထရန့်က ပထမအကြိမ် ရွေးကောက်ပွဲ အနိုင်ရချိန်မှာ သူ အရင်က ခေါ်ယူ ပျော်ပါးခဲ့တဲ့ အပြာမယ် အမျိုးသမီးရဲ့ အဖြစ်မှန်ကို ထုတ်ဖော် မပြောအောင် နှုတ်ပိတ်ခ ငွေပေးခဲ့တာ ဖြစ်ပါတယ်။

သူက အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပြီး တရားရုံးက သူ့ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင်လည်း အယူခံ ဝင်မယ်လို့ ကြွေးကြော်ထားခဲ့တာပါ။

သူ့ကို အဲဒီ အမှုနဲ့ ပြစ်ဒဏ်ကျခံကျခံရအောင် ကြိုးပမ်းတာဟာ သူရွေးကောက်ပွဲ အနိုင်မရအောင် ကြိုးပမ်းမှု မအောင်မြင်တာဘဲ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

ထရန့်အား ခြွင်းချက် မရှိ ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးမှုအပေါ် အမေရိကန်အစိုးရ ရှေ့နေတွေကလည်း ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.