ဘန်ကောက်၊ ဇန်နဝါရီ ၆

ရေလုပ်သား လေးဦး ပြန်လည်လွတ်မြောက်ရေး ဆောင်ရွက်နေဆဲဖြစ်တာကြောင့် စောစောပိုင်းက မျှော်လင့်ထားခဲ့သလို ဇန်နဝါရီ ၄ ရက်မှာ ပြန်လည် မလွတ်မြောက်ခဲ့ဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံသား လေးဦး ပြန်လည် လွတ်မြောက်ရေး ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီဌာနက နောက်ဆက်တွဲ ဆောင်ရွက်စရာတွေကို ဆောင်ရွက်နေကြောင်း ဝန်ကြီး ဝီချာယာချိုင်က ဇန်နဝါရီ ၅ ရက်မှာ ပြောကြားခဲ့တာပါ။

ကော့သောင်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ ထိုင်း ရေလုပ်သား လေးဦးကို သူတို့ဆွေမျိုးတွေ သွားရောက် တွေ့ဆုံခဲ့ပြီး လေးဦးစလုံး စိတ်နဲ့ ကိုယ်ကျန်းမာရေး ကောင်းမွန်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဝန်ကြီး ဝီချာယာချိုင်က ပြောဆိုထားတာပါ။

သူတို့ လေးဦးကို မြန်မာအရာရှိတွေက မကြာခင် ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက အတည်ပြုခဲ့ပေမယ့် သူတို့ လွတ်မြောက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ပြဿနာတွေကြောင့် ပြန်လွတ်မယ့် ရက်အတိအကျကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

နိုဝင်ဘာလ လကုန်ပိုင်းက မြန်မာ့ ရေပိုင်နက်ထဲ ဝင်ရောက်မှုနဲ့ အဲဒီထိုင်းနိုင်ငံသား လေးဦးကို စစ်ကောင်စီက ထောင် ၄ နှစ်ကနေ ၆ နှစ် အထိ ချမှတ်ထားကြောင်း မကြာသေးခင်က သတင်းထွက်လာခဲ့ပါတယ်။

စောစောပိုင်းမှာ ဝန်ကြီး ဝီချာယာချိုင်က အဲဒီ ထိုင်းနိုင်ငံသား လေးဦးဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၄ ရက်မှာ ပြန်လွတ်မယ်လို့ ဟောကိန်း ထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့က တခြား ထိုင်းနိုင်ငံသား ၁၅၁ ဦးဟာ မြန်မာ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

စစ်ကောင်စီက အဲဒီ ထိုင်းနိုင်ငံသား လေးဦးကို အချိန်ကြာမြင့်စွာ ဖမ်းဆီးထားတဲ့အတွက် စိတ်ပျက်မိကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဘာလန်ကူရက ပြောကြားလိုက်ပါတယ်။

အဲဒီ နိုင်ငံသားတွေ လွတ်မြောက်ရေး မိမိတို့ ဝန်ကြီးဌာနက အကောင်းဆုံး ကြိုးပမ်းနေပြီး ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်မှု ရှိပေမယ့် မြန်မာနိုင်ငံက လုပ်ထုံးလုပ်နည်းတွေကြောင့် အဲဒီ ရေလုပ်သားလေးဦး ပြန်လွတ်မြောက်ရေး ကြန့်ကြာနေတာ ဖြစ်တယ်လို့ ပြောခွင့်ရသူ ဘာလန်ကူရက ဆိုပါတယ်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက အရာရှိတွေ ကော့သောင်းသို့ သွားရောက်ပြီး ထိုင်းနိုင်ငံသား လေးဦးနဲ့ တွေ့ဆုံခဲ့ကြောင်း၊ မိမိတို့အနေနဲ့ သည်းခံပြီး အသေအချာ ညှိနှိုင်းဖို့ လိုအပ်တဲ့အကြောင်း အဲဒီ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဖြည့်စွက် ပြောကြားထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.