အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ပဲခူးတိုင်း ဖြူးမြို့နယ်ရှိ ဟိန္ဒူဘုရားကျောင်း စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုအပေါ် PDF တွေလုပ်တာ”ဆိုပြီး စစ်ကောင်စီတပ် သတင်းအမှားဖြန့်ချီနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၁ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ပဲခူးတိုင်း ဖြူးမြို့နယ် ရမ်းနဂါးကျေးရွာရှိ ဟိန္ဒူဘုရားကျောင်းကို ဒီဇင်ဘာ ၃၁ ရက်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် သေဆုံးသူခုနှစ်ဦးနဲ့ ထိခိုက်ဒဏ် ရာရသူလေးဦးရှိခဲ့တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲခဲ့တဲ့ အဲဒီနေရာတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်း ချုပ်နေရာတွေနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေ ဖြစ်တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဟိန္ဒူဘုရားကျောင်းအား စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ခွင့်လွှတ်သွားမှာ မဟုတ်သလို နောင်တစ်ချိန်မှာ အခုဖြစ်စဉ်အတွက် အရေးယူဖြေရှင်းသွားမယ်လို့ မြန်မာဟိန္ဒူယူနီယမ် အတွင်းရေးမှူးက မြေလတ်အသံသတင်းဌာနကို ပြောထားပါတယ်။

စစ်ကောင်စီက လူနည်းစုတွေရဲ့ဘာသာရေးဘုရားကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေကို လေကြောင်းကနေ ဗုံကြဲချတာတွေ လုပ်ဆောင်နေပြီး ဒီလုပ်ရပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လုပ်နေသယောင်ဖြန့်ချီကာ စစ်အုပ်စုဘက်က ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လှုံဆော်မှုတွေ ရှိနေတာကြောင့် ပြည်သူလူထုအနေနဲ့ လွတ်လပ်သော သတင်းဌာနတွေက သတင်းတွေကို ဖတ်ရှုပြီးမှသာ အတည်ပြုလက်ခံဖို့ အကြံပြုအပ်ပါတယ်။

BBC သတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/TSeP0

မြေလတ်အသံသတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/UQWLF

မောင်းက ဖော်ပြထားတဲ့လင့်

https://shorturl.at/Xo7f8

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.