ဘန်ကောက်၊ ဇန်နဝါရီ ၄

ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ကန်ဒေါ်လာ ၂ သန်း တန်ဖိုးရှိ ဒီဇိုင်နာလက်ကိုင်အိတ် ၂၀၀ နဲ့ ကန်ဒေါ်လာ ၅ သန်း တန်ဖိုးရှိ တန်ဖိုးကြီး လက်ပတ်နာရီ ၇၅ လုံး အပါအဝင် သူ့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း ဇန်နဝါရီ ၃ ရက်မှာ ကြေညာလိုက်တယ်လို့ သူ့ရဲ့ ပါတီက ပြောပါတယ်။

ဆက်သွယ်ရေးလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီး၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ အငယ်ဆုံးသမီးဖြစ်သူ ပေသွန်ထန်ဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ထိုင်းအစိုးရကို ဦးဆောင်တဲ့ သက်ဆင်မျိုးနွယ်စုရဲ့ စတုတ္ထမြောက်မိသားစုဝင် ဖြစ်လာခဲ့ပါတယ်။

သူ့အနေနဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပေးဆပ်စရာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် NACC ထံ တင်ပြဖို့ တာဝန် ရှိပါတယ်။

သူ့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ထိုင်းဘတ်ငွေ ၁၃ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်) ရှိကြောင်း မီဒီယာ ဝက်ဘ်ဆိုက်တွေမှာ ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးဟာ ဘတ် ၁၁ ဘီလီယံ ရှိပြီး ဘဏ်အပ်ငွေနဲ့ ငွေသားအဖြစ် နောက်ထပ် ဘတ် ၁ ဘီလီယံ ပိုင်ဆိုင်ကြောင်း သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

သူ့ရဲ့ အခြားပိုင်ဆိုင်မှုတွေမှာ ဘတ် ၁၆၂ သန်း တန်ဖိုးရှိ လက်ပတ်နာရီ ၇၅ လုံး၊ ဘတ် ၇၆ သန်း တန်ဖိုးရှိ နာရီ ၃၉ လုံး၊ လက်ကိုင်အိတ် ၂၁၇ အိတ်တို့အပြင် လန်ဒန်နဲ့ ဂျပန်ရှိ အဆောက်အဦတွေနဲ့ တခြား လုပ်ငန်းတွေ ပါဝင်ပါတယ်။

သူ့မှာ ပေးဆပ်စရာ ဘတ် ၅ ဘီလီယံနီးပါး ရှိကြောင်း NACC စာရွက်စာတမ်းတွေ အရ သိရတာကြောင့် သူ့ရဲ့ အသားတင် ကြွယ်ဝမှု တန်ဖိုးဟာ ဘတ် ၈ ဒသမ ၉ ဘီလီယံ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေ တိကျမှန်ကန်မှု ရှိကြောင်း အာဏာရ ဖူထိုင်းပါတီ အရာရှိ တစ်ဦးက AFP သတင်းဌာနသို့ အတည်ပြုပေးထားပါတယ်။

တစ်ချိန်က မန်စီးတီး ဘောလုံးအသင်းကို ပိုင်ဆိုင်ခဲ့တဲ့ ဝန်ကြီးချုပ်ရဲ့ ဖခင် သက်ဆင်ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှု တန်ဖိုးဟာ ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရှိကြောင်း ဖို့ဘ် မဂ္ဂဇင်းက ဖော်ပြထားတာကြောင့် သူဟာ ထိုင်းနိုင်ငံရဲ့ ဒဿမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ချမ်းသာကြွယ်ဝမှုနဲ့ အာဏာကြား ဆက်နွယ်မှု ရှိနေခဲ့တာ ဟိုးအရင်ကတည်းက ဖြစ်တယ်လို့ လေ့လာသူတွေက ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.