မနီလာ၊ ဇန်နဝါရီ ၄

ပြီးခဲ့တဲ့နှစ်က မိသားစု နှစ်စုကြား ခါးခါးသီးသီး အကွဲအပြဲ ဖြစ်ခဲ့ပြီးနောက် ဒုသမ္မတ ဆာရာ ဒူတာတေးကို လုံခြုံရေး ကောင်စီကနေ ဖယ်ရှားလိုက်တဲ့ ညွှန်ကြားချက်မှာ ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက လက်မှတ်ရေးထိုးလိုက်ပါတယ်။

ကောင်စီအဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်ရေး သေချာစေဖို့အတွက် အမျိုးသား လုံခြုံရေးကောင်စီ NSC ကို ပြန်လည် စုဖွဲ့ဖို့ လိုအပ်တာကြောင့် အခုလိုမျိုး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သမ္မတ မားကို့စ်က ပြောကြားထားပါတယ်။

မှတ်ချက်ပြုပေးဖို့ ပန်ကြားချက်ကို ဒုသမ္မတရုံးက တုံ့ပြန်မှု မရှိသေးဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

လောလောဆယ်မှာ အမျိုးသား လုံခြုံရေးကောင်စီ အဖွဲ့ဝင် တာဝန်တွေနဲ့ ဒုသမ္မတ ဆက်စပ်မှု မရှိဘူးလို့ မှတ်ယူထားကြောင်း သမ္မတ မားကို့စ်ရဲ့ အမှုဆောင် အတွင်းရေးမှူး လူးကပ်စ် ပီ ဘာဆာမင်က ပြောကြားခဲ့ပါတယ်။

သမ္မတ မားကို့စ်က အခုလို ညွှန်ကြားချက်ကို ဒီဇင်ဘာ ၃၀ ရက်မှာ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ ၃ ရက်ကျမှသာ လူသိရှင်ကြား ဖော်ပြတာ ဖြစ်ပါတယ်။

အဲဒီ ကောင်စီကို ပြန်လည် စုဖွဲ့ရတာဟာ စိန်ခေါ်မှုအသစ်တွေကို ကျော်လွှားနိုင်တဲ့ ဒူပေနာပေ ခံနိုင်တဲ့ နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်း တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း သမ္မတ လက်မှတ်ရေးထိုးထားတဲ့ ညွှန်ကြားချက်မှာ ဖော်ပြပါရှိပါတယ်။

အခုလိုမျိုး ပြောင်းလဲမှုတွေထဲမှာ သမ္မတဟောင်းတွေကိုလည်း အဲဒီ ကောင်စီကနေ ချန်လှပ်ထားလိုက်တာကြောင့် လက်ရှိ သမ္မတ မားကို့စ် အနေနဲ့ ကောင်စီဝင်တွေအဖြစ် တခြား အစိုးရအရာရှိတွေနဲ့ အရပ်သားတွေကို လိုအပ်သလို ခန့်အပ်နိုင်တော့မှာ ဖြစ်ပါတယ်။

သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ သမီး လက်ရှိ ဒုသမ္မတ ဆာရာ ဒူတာတေးဟာ လောလောဆယ်မှာ အကျင့်ပျက် ခြစားမှု၊ အရည်အချင်း မပြည့်မီမှု၊ တာဝန်ထမ်းဆောင်ချိန်အတွင်း ငွေကြေး တရားမဝင် ရယူမှုတို့နဲ့ စွပ်စွဲခံထားရပြီး စွပ်စွဲ ပြစ်တင်ခံရနိုင်ပါတယ်။

ဆာရာ ဒူတာတေးကတော့ သူ့အပေါ် စွပ်စွဲချက်တွေ အားလုံးကို ပယ်ချထားပါတယ်။

ဆာရာ ဒူတာတေးက သူသာ သတ်ဖြတ်ခံရမယ်ဆိုရင် သမ္မတ မားကို့စ်နဲ့သူ့ရဲ့ ဇနီး၊ လွတ်တော်ဥက္ကဋ္ဌ ဖြစ်တဲ့ သမ္မတရဲ့ ညီဝမ်းကွဲ တို့ကိုသတ်ဖြတ်ဖို့ လူသတ်သမား ငှားပြီးသား ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.