ဘရာတီဆလာဘာ၊ ဇန်နဝါရီ ၃
ယူကရိန်းက သူတို့ရဲ့ နယ်မိတ်တွေကနေ စလိုဗက်ကီးယားသို့ ရုရှား ဓာတ်ငွေ့ ပို့ဆောင်နေမှုကို ရပ်တန့်လိုက်ပြီးနောက် ကိဗ်အစိုးရအပေါ် လက်တုံ့ပြန်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ မိမိတို့ ညွှန့်ပေါင်း အစိုးရအဖွဲ့ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘက် ဖီကိုက ဇန်နဝါရီ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
မိမိရဲ့ Smer ပါတီက ယူကရိန်းသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနေမှုကို ရပ်တန့်ရေး စဉ်းစားသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဖီကိုက ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုသတင်းစကားထဲမှာ ပြောဆိုထားပါတယ်။
ရုရှားဆီက ပို့ပေးနေတဲ့ ဓာတ်ငွေ့တွေ မရတော့တာကြောင့် စလိုဗက်ကီးယားအနေနဲ့ ထိခိုက်မှုတွေ ရှိနေပြီး မိမိတို့ ပါတီအနေနဲ့ ယူကရိန်း ဒုက္ခသည်တွေအတွက် အကူအညီ လျှော့ချရေး စဉ်းစားသွားမှာ ဖြစ်သလို ဓာတ်ငွေ့တစ်ဆင့်ခံ ပို့ဆောင်မှု ပြန်လည်မတင်ပါက မိမိတို့ရဲ့ ဆုံးရှုံး နစ်နာမှုတွေအတွက် နစ်နာကြေး ပေးရမယ်လို့ ဝန်ကြီးချုပ် ဖီကိုက ပြောပါတယ်။
ယူကရိန်းကို ဖြတ်သန်းသွားတဲ့ ဆိုဗီယက်ခေတ် ပိုက်လိုင်းတွေကနေ တစ်ဆင့် ရုရှားရဲ့ ဓာတ်ငွေ့ ပေးပို့နေမှုတွေဟာ နှစ်သစ်ကူးနေ့က ရပ်တန့်သွားခဲ့ပြီး ဥရောပ စွမ်းအင်ဈေးကွက်တွေကို ရုရှားရဲ့ ဆယ်စုနှစ် ပေါင်းများစွာ ကြီးစိုးထားမှု အဆုံးသတ်သွားခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား ဓာတ်ငွေ့ တစ်ဆင့်ခံ ပို့ဆောင်ပေးရေး သဘောတူညီမှု သက်တမ်း လွန်သွားပြီးနောက် ယူကရိန်းက သက်တမ်း ထပ်မတိုးတော့တာကြောင့် ဖြစ်ပါတယ်။
စလိုဗက်ကီးယားမှာ ဓာတ်ငွေ့ ထောက်ပံ့ဖို့ တခြား လမ်းကြောင်းတွေ ရှိပေမယ့် ယူကရိန်းသို့ စစ်ရေး အကူအညီ ပေးပို့မှု ရပ်ဆိုင်းပြီး မော်စကိုနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ရှိဖို့ ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ် ဖီကိုက မိမိတို့ နိုင်ငံအနေနဲ့ တစ်ဆင့်ခံ ပို့ဆောင်ပေးမှုက ရရှိနေတဲ့ ဝင်ငွေတွေ ဆုံးရှုံးရမှာ ဖြစ်သလို ရုရှား ဓာတ်ငွေ့ မဟုတ်တဲ့ ဓာတ်ငွေ့တွေကို တစ်ဆင့် ခံပေးပို့ရေးအတွက် နောက်ထပ် ကုန်ကျစရိတ်တွေ ပေးရလိမ့်မယ်လို့ ပြောပါတယ်။
ယူကရိန်းရဲ့ အခုလို လုပ်ရပ်တွေကြောင့် ဥရောပ ဓာတ်ငွေ့နဲ့ စွမ်းအင် ဈေးနှုန်းတွေ မြင့်တက်လာလိမ့်မယ်လို့လည်း ဝန်ကြီးချုပ် ဖီကိုက ပြောပါတယ်။
အခုလို အခြေအနေနဲ့ပတ်သက်လို့ စလိုဗက်ကီးယား ကိုယ်စားလှယ် အဖွဲ့က ဇန်နဝါရီ ၇ ရက် ဘရပ်ဆဲလ်မှာ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဒါဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အဖျက်အမှောင့် လုပ်ရပ် ဖြစ်ပြီး အဲဒီလုပ်ရပ်အတွက် လက်တုံ့ပြန်ဖို့ စလိုဗက်ကီးယား ညွှန့်ပေါင်းအစိုးရ အဖွဲ့ ဆွေးနွေးသွားမယ်လို့ ဖီကိုက ပြောကြားခဲ့ပါတယ်။
ယူကရိန်းရဲ့ လုပ်ရပ်ကြောင့် မိမိတို့ နိုင်ငံပိုင်ငွေ ယူရို သန်း ၅၀၀ နီးပါး ဆုံးရှုံး နစ်နာရလိမ့်မယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
Ref:Reuters