အမှန်/အမှား
++++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“မန္တလေးတိုင်း မတ္တရာမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးသေဆုံးတာ PDF တွေတိုက်ခိုက်မှုကြောင့်”ဆိုပြီး စစ်ကောင်စီတပ် သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာ ၃၀ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း မတ္တရာမြို့နယ် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ့ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးနှစ်ဦးသေဆုံးပြီး အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေ သေဆုံးခဲ့တာဖြစ်တယ်လို့ RFA သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ဟာ မတ္တရာမြို့နယ်ထန်းတောကုန်းတဲတိုက် ဘုန်းကြီး ကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရကာ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MFPသတင်းဌာနမှာ ဖော်ပြထားပါတယ်။
မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်အုပ်စုက နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်နဲ့ ၁၁ ရက်တို့မှာလည်း စကျင်ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကို မေးမြန်းကာ MFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
MFP သတင်းဌာနကဖော်ပြထားတဲ့လင့်
RFAသတင်းဌာနကဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်