ဆိုးလ်၊ ဇန်နဝါရီ ၃
စွပ်စွဲ ပြစ်တင်ခံထားရတဲ့ သမ္မတဟောင်း ယွန်ဆွတ်ယိုလ်အတွက် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းအတိုင်း စုံစမ်း စစ်ဆေးရေးမှူးတွေက ဖမ်းဆီးဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားဟာ ဗရုန်းသုန်းကား ဖြစ်နေသလို နိုင်ငံရေးအရ ယိုင်နဲ့သွားပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။
လတ်တလော သီတင်းပတ်တွေအတွင်း တောင်ကိုရီးယားမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ဗရုန်းသုန်းကား အခြေအနေတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက အခုလိုမျိုး ရှားရှား ပါးပါး ဖော်ပြတာဖြစ်ပြီး ကိုးကား ဖော်ပြထားတဲ့ အရာရှိ ပါဝင်မလာခဲ့ပါဘူး။
သမ္မတဟောင်း ယွန်က ပြီးခဲ့တဲ့လမှာ စစ်အုပ်ချုပ်ရေးဥပဒေ ခေတ္တကြေညာခဲ့ပြီးနောက် စွပ်စွဲ ပြစ်တင်ခံခဲ့ရပြီး အခုအချိန်မှာတော့ ဖမ်းဆီးခံရမယ့်အရေး၊ ထောင်ချခံရမယ့်အရေး၊ အဆိုးဆုံးအနေနဲ့ သေဒဏ် ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းမှာ စုံစမ်း စစ်ဆေးရေးမှူးတွေဟာ သမ္မတဟောင်း ယွန်ရဲ့ ရုံးဝင်းထဲ ဝင်ရောက်ပြီး ဖမ်းဝရမ်းအတိုင်း သူ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ကြပေမယ့် ယွန်ရဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။
အမေရိကန်ရဲ့ ရုပ်သေးရုပ်ဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေး ကြေညာတဲ့ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် မကြုံစဖူး စွပ်စွဲ ပြစ်တင်မှု ဖြစ်ပွားခဲ့တယ်လို့ KCNA သတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတကို ဖမ်းဆီးထိန်းသိမ်းဖို့ ဝရမ်းထုတ်ထားပြီး နိုင်ငံ့အရေးကိစ္စတွေ ယိုင်နဲ့သွားစေသလို လူမှုရေး၊ နိုင်ငံရေးအရ နောက်ထပ် ဗရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်လာနေတယ်လို့ အဲဒီသတင်းဌာနက ဆိုပါတယ်။
မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေကို သူတို့ရဲ့ အဓိက မဟာမိတ် အမေရိကန်ရဲ့ ရုပ်သေးရုပ်တွေ အဖြစ် မကြာခဏ ညွှန်းဆိုလေ့ ရှိပါတယ်။
တောင်ကိုရီးယားဟာ ပိုမို နက်ရှိုင်းတဲ့ နိုင်ငံရေး မုန်တိုင်းထဲသို့ ပစ်ချခံလိုက်ရကြောင်း နိုင်ငံခြားမီဒီယာတွေက ရေးသား ဖော်ပြနေကြတယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။
မြောက်ကိုရီးယားက ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဒုံးကျည်တွေ ပစ်ခတ် စမ်းသပ်မှုတွေနဲ့အတူ တောင်ကိုရီးယားနဲ့ ဆက်ဆံရေးဟာ နှစ်များစွာအတွင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပါတယ်။
ပြုံယမ်း ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူတွေက မြောက်ကိုရီးယား နိုင်ငံထဲသို့ ဝါဒဖြန့်မှုတွေ ပြုလုပ်နေတာကြောင့် မြောက်ကိုရီးယားက အမှိုက်တွေနဲ့ အညစ်အကြေးတွေ ထည့်ထားတဲ့ မိုးပျံပူဖေါင်းတွေကို တောင်ကိုရီးယား နိုင်ငံထဲသို့ မေလကတည်းက ပို့ဆောင်ခဲ့ပါတယ်။
Ref:AFP