နေပြည်တော် ၊ ဇန်နဝါရီ ၁
စစ်တပ်သမိုင်းကို အလှည့်အပြောင်းတွေနဲ့ အချိုးအကွေ့ဖြစ်စေခဲ့တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေအတွင်း ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားကြောင်း စစ်ကောင်စီက အဆက်မ ပြတ် ကမ်းလှမ်းလာနေပါတယ်။
အရေးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အားထုတ်တဲ့အနေနဲ့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကသာ အောင်မြင်နိုင်မယ်လို့ မကြာခဏပြောလေ့ရှိပါတယ်။
အထူးသဖြင့် အစဉ်အလာကြီးမားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပထမဆုံး လက်လွှတ်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ စတင်ဖိတ်ခေါ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နှစ်ပတ်လည်နေ့အပါအဝင် တိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ်နေ့တွေနဲ့ အစည်းအဝေးတွေမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ စစ်ခေါင်းဆောင်က မကြာခဏ ပြောလာတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်ရဲ့ ထောက်ခံမှုကို ရရှိဖို့ စစ်ကောင်စီက ငြိမ်း ချမ်းရေး စကားပြောပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို ဟန်ပြလုပ်နေတာလို့ သုံးသပ်ပါတယ်။
“ငြိမ်းချမ်းရေးတွေ လုပ်ပါ၊ ရွေးကောက်ပွဲလုပ်ပါဆိုတဲ့ (တရုတ်ရဲ့) တိုက်တွန်းချက်တွေ အောက်မှာ သူက (စကစ) အဲဒါတွေ လုပ်နေတာပါဗျာ။ ဒါပေမယ့် အဲဒါတွေက ဟန်ပြအလုပ် တကယ့်လက် တွေ့ ကအကြမ်းဖက်မှုတွေက ဆက်ပြီးလုပ်နေတာ။ ဒီနေ့အထိ လေကြောင်းထိုးစစ်တွေ အမြောက်နဲ့ ပစ်တာတွေက အဆက်မပြတ်ပစ်နေတုန်း။ နောက်သူ့ရဲ့ ဆုံးရှုံးသွားတဲ့စခန်းတွေ ပြန်သိမ်းပိုက်နိုင်ဖို့လည်း မျိုးစုံကြိုးပမ်းနေတာပါ။ အဲဒီတော့ ငြိမ်းချမ်းရေးဆိုတဲ့ စကားက တရုတ်ကြိုက်အောင် သူတို့အနေနဲ့ ပြောတာပါ။ တကယ့်အစစ်အမှန် ငြိမ်းချမ်းရေးရချင်တဲ့ သဘောထားလုံးဝမရှိပါဘူး” လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအကျိုးစီးပွားတွေကို အကြောင်းပြုကာ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်ပြီး ကြားဝင်ညှိနှိုင်းစေ့စပ်မှုတွေ ပြုလုပ်လာတာပါ။
လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ ရှမ်းမြောက်အ ပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရခိုင်ဒေသမှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၃ ခုကို တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားတာပါ။
ဒီအတွက်ကြောင့် ရှမ်းမြောက်တစ်ခုလုံးနီးပါး စစ်ကောင်စီလက်လွှတ်ဆုံးရှုံးရတော့မယ့်အနေအ ထားမှာ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ကို တရုတ်က နည်းမျိုးစုံ ဖိအားပေးပြီး အပစ်ခတ်ရပ်စဲဖို့နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်လာပါတယ်။
အာရက္ခတပ်တော် AA ကတော့ ရခိုင်ပြည်အတွင်း ရရှိလာတဲ့ အောင်ပွဲတွေနဲ့အတူ ဆက်လက်သိမ်း ပိုက်ဖို့ မြို့နယ်သုံးခုသာ ကျန်တော့တဲ့အခြေအနေမှာ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ အမြဲတမ်းသင့်ရှိတယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သဘောထား ကြေညာခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း လက်ရှိ ရခိုင်တပြည်လုံးကို လက်လွှတ်ရတော့မယ့် အနေအထားမှာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းပေါ် လာရောက်ဆွေးဆွေးဖို့ စစ်ခေါင်းဆောင်က ဒီဇင်ဘာ လအတွင်း လေးကြိမ်ထက်မနည်း ပြောဆိုထားတာပါ။
ဗိုလ်ကြီးအဆင့် CDM ပြုလုပ်ထားတဲ့ ကိုကောင်းသူဝင်းက စစ်ရေးအသာစီးရနေတဲ့ ညီနောင်သုံးဖွဲ့ကို ပြည်မထဲ ရှေ့ဆက်မတိုးလာဖို့နဲ့ အခြားတော်လှန်ရေးအဖွဲ့တွေကို ကူညီထောက်ပံ့တာတွေ မရှိစေဖို့ ငြိမ်းချမ်းရေးစကား ပြောနေတာလို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီက သူတို့ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို မလိုချင်ဘူးလားဆိုတော့ လိုချင်တယ်။ စစ်ရှုံးလို့သာ အောက်ရောက်သွားတဲ့အနေအထားမျိုးကြောင့်သာ ငြိမ်းချမ်းရေးစကားပြောတဲ့အနေအ ထားမျိုး ဖြစ်တယ်။ နောက်တစ်ခုက သူတို့မှာလည်း စိုးရိမ်ချက်ရှိတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ AA က ပြည်တွင်းထဲမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတာ ဒါမှမဟုတ် ထိုးစစ်ဆင်တဲ့နေရာမှာ ကူပေးတာ ဒါမှမဟုတ် လက်နက်ခဲယမ်းတွေ ကူညီထောက်ပံ့ပေးတာမျိုးတွေဆိုရင် စစ်ကောင်စီက ပိုပြီးတော့ အထိနာနိုင်တဲ့ အနေအထားမျိုးတွေ ရှိလာနိုင်တယ်။ အဲဒီလိုမျိုးကြောင့် ဒီအဖွဲ့တွေကို ရှေ့ဆက်မတိုးဖို့ကလည်း သူ့ရဲ့ လိုလားချက်ထဲမှာ တစ်ခုဖြစ်တယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဆွေးနွေးရေးကမ်းလှမ်းချက်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ PDF တွေကို လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံအနှံ့ ထိုးစစ်တွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက် ပွဲဖြစ်သလို အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် စနစ်ပြောင်းတော်လှန်ရေးကို ဦးတည်နေကြတာလို့ တော်လှန်ရေး ခေါင်းဆောင်တွေက ဆိုပါတယ်။
BNI – Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအတွင်း မြို့ ပေါင်း ၈၉ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
အခုနှစ်အတွင်းမှာတင် ကချင်၊ ချင်း၊ ရှမ်းမြောက်၊ ရခိုင်၊ စစ်ကိုင်းနဲ့ မန္တလေးတို့မှာ စစ်ကောင်စီစိုးမိုးနယ်မြေထဲ က မြို့ပေါင်း ၆၀ အထိ စံချိန်တင် လက်လွှတ်ဆုံးရှုံးထားရပြီး အဲဒီထဲက တိုင်းစစ်ဌာန ချုပ်နှစ်ခုလည်း ကျဆုံးခဲ့ရတာပါ။
ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေဟာ ပြည်တွင်းစစ်မှာ အကျပ်အတည်းတွေနဲ့ ကြုံလာတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာတွေ အစဉ်တစိုက် လုပ်ခဲ့ကြတယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။
စစ်ခေါင်းဆောင်ကတော့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းအောင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွယ်ပြုထားတယ်လို့ ညည်းတွားခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေကို ဖိတ်ခေါ်ကြိုဆိုကြောင်းနဲ့ ဆွေး နွေးမှုတွေကနေ ရလာတဲ့သဘောထားတွေကို နောက်လာမယ့် လွှတ်တော်မှာ ဆွေးနွေးအတည်ပြုနိုင်ဖို့ မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းကတော့ စစ်တပ်ကြီးစိုးတဲ့ ဘယ်အစိုးရ ဘယ်ကောင်စီကမှ နိုင်ငံရေးပြဿနာကို အောင်မြင်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“အခုချိန်အထိ ဘယ်နိုင်ငံရေးပြဿာနာကိုမှ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ခဲ့သေးဘူး။ ဒါက စစ်တပ်ကြီးစိုးတဲ့ ဘယ်အစိုးရ ဘယ်စစ်ကောင်စီမှ နိုင်ငံရေးပြဿနာကို သဘောရိုးနဲ့ ဖြေရှင်းချင်တာ မ ဟုတ်ဘဲ သူတို့ရဲ့ နိုင်ငံရေးစစ်ရေးအခက်အခဲကို ကျော်လွှားနိုင်ဖို့ သုံးစွဲလာတဲ့ နည်းပရိယာယ်တစ် ရပ်သာဖြစ်လို့ မအောင်မြင်ခဲ့ဘူး။ စစ်တပ်ကြီးစိုးတဲ့ ဘယ်အစိုးရ ဘယ်စစ်ကောင်စီနဲ့မှလည်း ဒီလိုမျိုး နိုင်ငံရေးဆွေးနွေးမှုတွေ အောင်မြင်မှာမဟုတ်ဘူး”လို့ ဆိုပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်တဲ့အတွက် ပြည်သူတွေ လွတ် လပ်စွာ ဆန္ဒမဲပေးနိုင်ဖို့ လုံခြုံရေးနဲ့တည်ငြိမ်ရေးဟာ အရေးကြီးတာကြောင့် နိုင်ငံရေးဆွေးနွေးဖို့ ကြိုးပမ်းနေတာလို့ အကြောင်းပြထားတာပါ။
ဒါပေမယ့်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်လွှတ်ခဲ့ရတဲ့ မြို့တွေအပါအဝင် စစ်ရှောင်စခန်းတွေ ဈေး၊ ဆေးရုံ၊ လူနေအိမ်၊ ဘာသာရေးအဆောက်အဦစတဲ့နေရာတွေကို ဦးတည်ပြီး စစ်ကောင် စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အာဏာရှင်တွေအနေနဲ့ နိုင်ငံ ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရိုးသားစွာဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိရင် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘူးလို့ ကရင်နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI