မော်လမြိုင်၊ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်လုံးမှာ စစ်ကောင်စီဘက်က လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး ပိတ် ဆို့ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာတတိယအပတ်ကစပြီး လုံခြုံရေးအထူးစိုးရိမ်ရတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောအပြင် ပေါင်၊ မုဒုံ၊ မော်လမြိုင်နဲ့ချောင်းဆုံမြို့နယ်တို့မှာ လုံခြုံရေးတိုးမြှင့်လာတာပါ။
အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံနဲ့ ရေးမြို့နယ်တို့မှာ အင်အားအများအပြား တိုးမြှင့်ထားသလို မြို့အဝင်အထွက် နေရာတွေမှာ ပိတ်ဆို့စစ် ဆေးမှုတွေ ပိုမိုပြုလုပ်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဆေးရေးဂိတ်တွေအပြင် တပ်ရင်းတပ်စခန်းတွေမှာလည်း လုံခြုံရေး ဘန်ကာတွေကို အခိုင်အမာ ထပ်မံတည်ဆောက်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ လုံခြုံရေး တိုးမြှင့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ မြို့အဝင်အ ထွက်နေရာတွေမှာ ပိတ်ဆို့စစ်ဆေးပြီးနောက် ဒေသခံပြည်သူတွေအပေါ် အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးငွေညှစ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ ညပိုင်းအချိန်တွေမှာလည်း ဒေသန ္တရအမိန့် ဖောက်မှုစွပ်စွဲချက်နဲ့ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းစစ်သားစုဆောင်မှုတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီရဲ့ လုံခြုံရေးတိုးမြှင့်မှုဟာ လာမယ့်နှစ်အစမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲလာနိုင်တဲ့ သတင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ