မော်လမြိုင် ဒီဇင်ဘာ ၂၇

မွန်လူငယ်တွေ အားလုံးအနေနဲ့ မွန်နိုင်ငံရေးကို စစ်ကောင်စီရဲ့ ပျားရည်စိမ် ဖက်ဒရယ်လှည့်ကွက်အတွင်း ကျရောက်မသွားစေဖို့ ဆန့်ကျင်လုပ်ဆောင်ရေး ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ဒီဇင်ဘာ ၂၈ ရက်မှာ ကျရောက်မယ့် ၁၃ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လွတ်လပ်ရေးကာလအလွန် မွန်လူငယ်တွေရဲ့ အားထုတ်မှုနဲ့ စတင်ခဲ့တဲ့ မွန်တော်လှန်ရေးဟာ အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ တော်လှန်ရေးနယ်မြေတွေဆီ ပြန့်ကျဲရောက်ရှိခဲ့ကြပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ မွန်ပြည်လွတ်မြောက်ရေး တိုက်ပွဲတွေဟာ ခရီးမတွင် ဖြစ်နေရတယ်လို့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

လက်ရှိအချိန် မြန်မာနိုင်ငံအနှံ့ဒေသအသီးသီးမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံစစ်ဆင်နွှဲမှုတွေကြောင့် အာဏာရှင် စစ်တပ်ဟာ စစ်ရှုံးနေပြီး မြို့ရွာတော်တော်များများကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအခြေအနေတွေကြောင့် စစ်ကောင်စီဟာ အင်အားချိနဲ့ဆုံးအချိန်နဲ့ ရင်ဆိုင်နေရပြီး စစ်ရေး၊ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေဟာလည်း အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဖက်ဆစ်အာဏာရှင် စနစ်ဆက်လက် အမြစ်တွယ်နိုင်ဖို့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲ အကောင်အထည်ပေါ် ဖြစ်မြောက်လာဖို့ မွန်ဒေသဟာ အဓိက ကျတဲ့အတွက် မွန်လူငယ်တွေအနေနဲ့ မွန်ပြည်လွတ်မြောက်ဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင် ဆောင်ရွက်ဖို့ NRFF က တိုက်တွန်းတာပါ။

တဆက်တည်း အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကို တွန်းလှန်ပြီး အမျိုးသားရေးအယူအဆတွေနဲ့ လွတ်လပ်သော မွန်ပြည် တည်ဆောက်ဖို့၊ အတုယောင်ရွေးကောက်ပွဲနဲ့အတူ စစ်အုပ်စုကို ဆက်လက်ရှင်သန်စေမယ့် ယန္တရားတွေ ဆန့်ကျင်ဖို့အပါအဝင် အချက် ၄ ချက်ကို NRFF က တိုက်တွန်း တောင်းဆိုထားပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ်အနေနဲ့လည်း အာဏာရှင်စနစ်မှန်သမျှ အမြတ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဦးလည်မသုဉ် ဆက်လက်တိုက်ပွဲဝင်သွားမယ့်အကြောင်း ၁၃ ကြိမ်မြောက် မွန်လူငယ်နေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NRFF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.