မုံရွာ၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာမြို့မရဲစခန်းရှိ အချုပ်ခန်းမှာ LGBT တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်း သားတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

LGBT လိင်စိတ်ခံယူထားတဲ့ နိုင်ငံရေးအကျဉ်းသားဘုံဘုံဟာ ကျောက်ကပ်ရောဂါနဲ့ အတွင်းအ ကြောတက်ဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ဘုံဘုံရဲ့ ကျန်းမာရေးအခြေအနေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး ကျောက်ကပ်ရောဂါဝေဒနာ ဆိုးရွားလာခဲ့တာဖြစ်ပြီး ဆေးဝါးကုသခွင့်ရဖို့ မြို့မရဲစခန်း တာဝန်ရှိသူတွေကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြို့မရဲစခန်း တာဝန်ရှိသူတွေဟာ နိုင်ငံရေးအကျဉ်းသားဘုံဘုံကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခြင်းမရှိဘဲ အချုပ်ခန်းမှာပဲ ဆလိုင်းချိတ် ကုသပေးမှုကိုသာ ယာယီပေးပြီး ချုပ်နှောင်ထားခဲ့ပါတယ်။

အဲဒီနောက် ဘုံဘုံဟာ ဒီဇင်ဘာ ဒုတိယအပတ်ကစပြီး လမ်းကောင်းစွာ မလျှောက်နိုင်တော့တဲ့အ ပြင် အစာမာတွေကိုလည်း စားသောက်နိုင်ခြင်းမရှိဘဲ သေဆုံးခဲ့တာဖြစ်တယ်လို့ PPNM ရဲ့ ဦး ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မုံရွာမြို့မရဲစခန်းရှိ အချုပ်ခန်းမှာ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား အကျဉ်းသူ ၃၀၀ နီးပါးရှိပြီး အဲဒီအခန်းကျဉ်းထဲမှာ အကျဉ်းသားတွေဟာ အာဟာရပြည့်ဝစွာ စားသောက်ရခြင်းမရှိတဲ့အပြင် ကြပ်ညှပ်ပြီးနေရတာကြောင့် အောက်ပိုင်းချိနဲ့မှုဝေဒနာ ရင်ဆိုင်ရသူတွေများလာတယ်လို့ ဆိုပါတယ်။

LGBT လိင်စိတ်ခံယူထားသူ ဘုံဘုံဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ မုံရွာမြို့ အောင်ဇေယျရပ်ကွက်ရှိ အိုးရှင်းစင်တာအနီးမှာ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှု ပုဒ်မတွေနဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး ၂၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.