မော်လမြိုင် ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်ကနေ ထွက်ရှိတဲ့ ရော်ဘာဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတတိယပတ်က စတင်ကာ ဆက်တိုက်ကျဆင်းလာတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဈေးနှုန်းအနေနဲ့ ဒီဇင်ဘာတတိယပတ် မတိုင်ခင်က ရော်ဘာတစ်ပေါင်ကို ကျပ် ၃၁၀၀ ကျော်အထိ ဈေးကောင်းရရှိခဲ့ရာကနေ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာပြီးနောက် ဒီဇင်ဘာ ၂၅ ရက်မှာတော့ ကျပ် ၂၈၀၀ ဝန်းကျင်သာ ရှိတော့တာပါ။

အခုလို ရော်ဘာဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာရတာဟာ ကမ္ဘာ့ရော်ဘာဈေးကွက်ကျဆင်းတာ၊ တရုတ်ယွမ်ဈေးနှုန်း ကျဆင်းတာတွေအပြင် ဒီဇင်ဘာလမှာ ဘဏ်ပိတ်ရက်တွေများတဲ့အတွက် ငွေ ကြေးစီးဆင်းမှု နှောင့်နှေးပြီး ရော်ဘာဈေးပါ ကျဆင်းလာတာဖြစ်တယ်လို့ သိရပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ ကမ္ဘာ့စတော့ဈေးကွက်နဲ့ တရုတ်ငွေဈေးနှုန်းကျဆင်းလာမှုနဲ့ ဘဏ်ပိတ်ရက်များတာကြောင့် ငွေကြေးမမီမကမ်းဖြစ်ပြီး ဈေးနှုန်းကျဆင်းရတာဖြစ်တယ်လို့ ပြောပါတယ်။

“(၃၁၀၀)ကနေ ပြန်ကျတယ်။ စတော့ရှယ်ယာ ဈေးကွက်ကလည်းကျတယ်။ တရုတ်ငွေဈေးကလည်းကျတယ်။ ၁၂ လပိုင်း ဒီလိုအချိန်ဆို နှစ်တိုင်းပဲ။ ဘဏ်တွေလည်း ပိတ်ရက်တွေများကြတယ် ။ အဲဒီအချိန်မှာ ငွေကအပေါ်ကနေ အခုရောင်းလိုက်မယ်ပေါ့။ ရော်ဘာတစ်စည်း ရောင်းမယ်ဆိုလို့ရှိရင် သူတို့မှာလည်း ငွေကအဝင်နောက်ကျရင် ဒီမှာလည်း အဝင်နောက်ကျတယ်။ ငွေကြေးလည်း နည်းနည်းကျပ်တည်းတယ်ပေါ့နော်။ ဘဏ်ပိတ်ရက်များသွားတော့လေ မမီမကမ်းတွေ ဖြစ်တာပေါ့။ ဟိုဘက်ရက်နဲ့ ဒီဘက်ရက် အဲဒီလိုမျိုးတွေဖြစ်တော့ အဲဒါကြောင့်မို့ ဈေးတွေကကျတယ်” လို့ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ရော်ဘာတွေဟာ ရွက်ကြွေကာလဖြစ်တာအပြင် ဒေသအခေါ် ငှက်မျက်စိရောဂါ ကျရောက်နေတဲ့အတွက် အထွက်နှုန်း သိသိသာသာ ကျဆင်းနေပြီး ဒီထက်ဈေးနှုန်းကျဆင်း လာပါက လုပ်သားခအပါအဝင် အထွေထွေကုန်ကျစရိတ် မြင့်တက်နေတာကြောင့် အခက်အခဲရှိလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ရော်ဘာဈေးကွက် အတွင်းမှာတော့ ဈေးနှုန်းကျဆင်းလာပေမယ့် တရုတ်ဘက်က ဝယ်ယူမှုရှိတာကြောင့် အရောင်းအဝယ် ဖြစ်နေသလို လက်ရှိအရောင်းအဝယ် ဖြစ်ပေမယ့် သယ်ယူပို့ဆောင်တဲ့ နေရာမှာ အထောက်အထားမပါရင် ငွေကြေးတောင်းခံတာကြောင့် အခက်တွေ့ နေရတယ်လို့ ရော် ဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကလည်း လက်ရှိရော်ဘာတွေကို သယ်ဆောင်တဲ့နေရာမှာ စစ်ကောင်စီ လက်အောက်ခံတွေက အဟန့်အတားပြုလုပ်ပြီး အထောက်အထားမရှိပါက ငွေကြေးတောင်းခံသ လို အထောက်အထားရှိမှသာ လွှတ်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

“သယ်ဆောင်တဲ့နေရာမှာ နည်းနည်းလေး အဟန့်အတား လုပ်တာပေါ့။ ဘယ်က သယ်ဆောင်လဲ ဘယ်သူ့ ခွင့်ပြုချက်လဲ အဲဒါတွေတောင်းတာပေါ့။ အဲဒီအထောက်အထားတွေမရှိရင် ငွေကြေး တောင်းခံတာ များတာပေါ့။ သောင်းဂဏန်းနဲ့ တောင်းတာပေါ့။ သယ်ဆောင်စရိတ်တွေ မျှောသ ဘော ပေးလုပ်ခိုင်းတာပေါ့။ အခုက ပုံစံတစ်မျိုးစီ။ တနင်္သာရီတိုင်းကလာရင် တစ်မျိုး၊ ကရင်က လာရင် တစ်မျိုး၊ ကရင်ကျတော့ ကရင်ပြည်နယ် ရော်ဘာအသင်းဥက္ကဋ္ဌ ကိုယ်တိုင်ကနေပြီးတော့ ခွင့်ပြုချက် ထောက်ခံစာနဲ့ လာတယ်။ အဲဒါကျတော့လည်း လွတ်တာပေါ့။ ဘာမှလည်း တိတိကျကျ ဥပဒေရယ်လို့မှ မဟုတ်ဘဲ၊ အထောက်အထားတစ်ခု ပါလာရင်တော့ ပြီးသွားတာပဲ” လို့ ဆိုပါတယ်။

လက်ရှိ မွန်ပြည်နယ်အတွင်းမှာတော့ ရော်ဘာခြံအများစုမှာ စစ်ကောင်စီက ပြန်လည်အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနဲ့ အကြီးအကျယ်ရင်ဆိုင်ရတာ၊ အ ထွေထွေ ကုန်ကျစရိတ် မြင့်တက်နေတာအပြင် လုံခြုံရေးအခြေအနေတွေကြောင့်လည်း ရော်ဘာခြံတချို့ အ‌စေးမခြစ်နိုင်ဘဲ ပိတ်ထားရတာပါ။

တစ်ဖက်မှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကတော့ မွန်ပြည်နယ်ရဲ့ ရော် ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လို့ဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ရော်ဘာလုပ်ငန်းနဲ့ သက်ဆိုင်သူတွေကိုခေါ်ယူပြီး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာတော့ ရော်ဘာလုပ်ငန်းရှင်တွေကို အထွက်နှုန်းနဲ့ အရည်အသွေး မြင့်မားအောင်လုပ်ဆောင်ဖို့၊ တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်ဖို့၊ ပြည်ပတင်ဖို့နိုင်ဖို့အပြင် သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းအတိုင်း လွတ်လပ်စွာ ရောင်းချနိုင်ဖို့အတွက် လိုက်နာရမယ့်အချက်တွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ရော်ဘာအများဆုံး စိုက်ပျိုးတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ရော်ဘာစိုက်ပျိုးမှုအနေနဲ့ ဧကပေါင်း ၅ သိန်းကျော်ရှိပါတယ်။ ရော်ဘာစိုက်ခင်းတွေကနေ နှစ်စဉ်ရော်ဘာတန်ချိန် ၁ သိန်းကျော်ထွက်ရှိပြီး ထွက်ရှိလာတဲ့ ရော်ဘာတွေကိုတော့ တရုတ်နိုင်ငံအပါအဝင် တ ခြား ပြည်ပနိုင်ငံတွေကိုပါ တင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.