မြိတ်၊ ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်း မြိတ်-တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းပိုင်း ဖြတ်သန်းသွားခွင့်ကို စစ်ကောင် စီဘက်က ပိတ်ပင်ထားတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နယ်မြေရှင်းလင်းရေးရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး အဲဒီလမ်းပိုင်းကို စစ်ကောင်စီဘက်က ဖြတ်သန်းသွားခွင့်မပေးတော့ဘဲ ကားတွေကို ပြန်လှည့်ခိုင်းနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လမ်းပိတ်ထားတာကြောင့် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာအနားမှာ ကုန်တင်ကားရာနဲ့ချီ ပိတ်မိနေပြီး ခရီးသွားကားတချို့ကတော့ နောက်ကြောင်းပြန်လှည့်တာတွေ ရှိနေပါတယ်။
မဖြစ်မနေသွားလာရမယ့် ခရီးသည်တွေကတော့ ရေလမ်းကနေတဆင့် ငါးဖမ်းလှေ၊ ကုန်တင်လှေတွေအပါအဝင် စပိဘုတ်စက်လှေတွေ အသုံးပြုပြီး သွားလာနေကြတယ်လို့ ခရီးသည်တွေက ပြောပါတယ်။
မြိတ်-တနင်္သာရီ- ဘုတ်ပြင်းပြည်ထောင်စုလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တနင်္သာရီမြို့နယ် ရေဖြူ၊သိန်းခွန်၊ ချောင်းနှစ်ပေါက်ကျေးရွာတို့မှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာပါ။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေသလို စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် တနင်္သာရီမြို့နယ်က ကျေးရွာပေါင်း လေးရွာထက်မနည်း ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်-တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းပိုင်းကို အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း မကြာခဏဆိုသလို ဖြတ် သန်းသွားခွင့် ပိတ်ပင်နေကြတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media