မော်လမြိုင် ၊ ဒီဇင်ဘာ ၂၆

နိုင်ငံရေးမှာ စစ်တပ် ပါဝင်နေသမျှ ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်နဲ့ အလှမ်းဝေးနေဦးမှာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးလည်း အရှိန်အဟုန်နဲ့ ဆက်လက်တည် ရှိနေမယ်လို့ NUCC နဲ့ NUG က သဘောထားထုတ်ပြန်ပါတယ်။

အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်အုပ်စုရဲ့ လက်ရှိပြင်ဆင်မှုတွေအပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ရဲ့ တရားမဝင် ရွေး‌ကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အသိပေးလာတာပါ။

စစ်အုပ်စုက ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဥပဒေမဲ့ အဓမ္မဖျက်သိမ်းပြီး နိုင်ငံ့အာဏာကို တရားမဝင်ရယူဖို့ကြိုးစားနေတဲ့အဖွဲ့အစည်းသာဖြစ်လို့ ရွေးကောက်ပွဲတစ်ရပ်ကိုဦးစီးကျင်းပပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို စစ်အုပ်စုက ချိုးဖောက်ခဲ့တာကြောင့် အဲဒီဥပဒေဟာ ပျက်ပြယ်ခဲ့ပြီးဖြစ်သလို ပြည်‌ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီကလည်း ပြည်သူတွေလက်မခံတဲ့ အဲဒီဖွဲ့စည်းပုံကို အပြီးသတ်ဖျက် သိမ်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာပြည်သူတွေ အသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီကနေ့ကာလအထိ တရားဝင်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ အဲဒီ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုအချိန်ဟာ ပြည်သူတွေ ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေက နည်းလမ်းပေါင်းစုံနဲ့ မတရားဖိနှိပ်ခံနေရပြီး နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ ခုခံတွန်းလှန်ထိုးစစ်တွေကြောင့် စစ်ရှောင်ဦးရေတိုးပွားလာနေတယ်လို့ ဆိုပါတယ်။

အခြားမြို့ရွာတွေမှာလည်း လူငယ်အများစုဟာ စစ်တပ်ရဲ့အဓမ္မစစ်သား စုဆောင်းရေးအစီအမံနဲ့မတရားဖမ်းဆီး စစ်မှုထမ်းခိုင်းတာတွေကြောင့် နေရာအသီးသီးကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်အုပ်စု ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်းကို ကောက်ယူနိုင်ခြင်း မရှိတဲ့အချက်တွေဟာ မြေပြင်အခြေအနေမှန်တွေလို့ NUCC နဲ့ NUG က အသိပေးထားတာပါ။

ဒီလိုမျိုး အခြေအနေမှာ အဓမ္မလုပ်ကြံကျင်းပမယ့် ဟန်ပြရွေးကောက်ပွဲသာ ဖြစ်လာမှာဖြစ်လို့ နွေ ဦးတော်လှန်ရေးဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြုလုပ်လိုက်ရုံနဲ့ ရပ်တန့်သွားမှာ မဟုတ်သလို အဲဒီနည်းလမ်းနဲ့ မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုအပါအဝင် ပြင်ပအင်အားစုတစ်ခုခုက မြန်မာ့ကံကြမ္မာကို ဝင်ရောက်ချယ်လှယ် အဆုံးအ ဖြတ်ပေးတာကို လက်ခံမှာမဟုတ်သလို ခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးကို မြန်မာလူထု လိုလားလက်ခံတဲ့ပုံစံနဲ့သာ ဆောင်ရွက်သွားရမယ်လို့ ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ လူထုကိုယ်တိုင် ရွေးချယ်တဲ့ နည်းလမ်းတွေနဲ့ အောင်မြင်တဲ့အထိ ဆက်လက်အကောင်အထည် ဖော်သွားမယ်လို့ NUCC နဲ့ NUG တို့က သဘောထားထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.