အမှန်/အမှား
+++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“ကနီမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးမှုအပေါ် PDF ၃၀ ကျော် သေဆုံးတယ်”လို့ စစ်ကောင်စီတပ် လော်ဘီတွေ သတင်းအမှားဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီဖြစ်တဲ့ Truth Media ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ဒီ ဇင်ဘာ ၂၀ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေခဲ့တာပါ။
ဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်း ကနီမြို့နယ် ကျောက်လှေကားရွာနဲ့ နတ်ကြီးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက လွတ်လပ်သော သတင်းဌာနတွေကို ပြောထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကနီဒေသတွေဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုကျော်နိုင်လင်း၊ အသက် ၁၉ နှစ်အရွယ် မရွှေဇင်ဝင်း ၊ အသက် ၁၄ နှစ်အရွယ်၊ အသက် ၁၁ နှစ်အ ရွယ် မောင်ချစ်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ပြုံးတို့ သေဆုံးခဲ့တယ်လို့ DVB သတင်းဌာနမှာ ဖော် ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ကနီမြို့နယ် ကျောက်လှေကားကျေးရွာနဲ့ နတ်ကြီးကျေးရွာတို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
နတ်ကြီးကျေးရွာဟာ မကြာခဏဆိုသလို နေအိမ်တွေ မီးရှို့ခံရပြီး လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းနဲ့ ညပိုင်းမှာလည်း လေကြောင်းက ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်လို့ VOAသတင်းဌာနမှာ ဖော်ပြထားပါတယ်။
လွတ်လပ်သောသတင်းဌာနတွေက ကနီမြို့လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အရပ်သားတွေ သေဆုံးနေတဲ့ဓာတ်ပုံမှတ်တမ်းတွေကို စစ်တပ်လော်ဘီတွေက ပြန်လည်ကူးယူကာ PDF တွေ သေ ဆုံးနေသယောင် သတင်းအမှားနဲ့တွဲဖက်ကာ ဖြန့်ဝေနေခြင်းဖြစ်တယ်လို့ စိစစ်တွေ့ရှိရပါတယ်။
DVB သတင်းဌာနက ဖော်ပြထားတဲ့လင့်
VOAသတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်