အမှန်/အမှား

+++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “CRPH အဖွဲ့ဝင်တွေကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်”ဆိုပြီး စစ်တပ်လော်ဘီတွေက သတင်းအမှားဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်လော်ဘီဖြစ်တဲ့ Aung min ဆိုသူရဲ့ တယ်လီဂရမ်ချန်နယ်ကနေ စတင်ဖြန့်ဝေခဲ့တာပါ။

ဖြစ်စဉ်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော်မှာ ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၃ ရက်အထိကျင်းပခဲ့တဲ့ နိုင်ငံတကာပါလီမန်များ ဒေသတွင်းညီလာခံကို ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ CRPH အဖွဲ့ဝင်တွေ တက်‌ရောက်ခဲ့တယ်လို့ CRPH က ဓာတ်ပုံမှတ်တမ်းတွေနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ညီလာခံကို နိုင်ငံတကာပါလီမန်များအဖွဲ့၊ ထိုင်းလွှတ်တော်နဲ့ ကမ္ဘာ့ကျန်းမာရေး WHO အဖွဲ့တို့က ပူးတွဲကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့IPU က CRPH ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

CRPHအဖွဲ့ ထုတ်ပြန်ချက်လင့်

https://shorturl.at/Cj37c

CRPH အဖွဲ့ဝင်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက လာရောက်အားပေးကြသလို IPU အထွေ ထွေအတွင်းရေးမှူးချုပ်အနေနဲ့လည်း မြန်မာနိုင်ငံက ပဋိပက္ခတွေ အမြန်ဆုံးပြီးဆုံးပါစေကြောင်း တွေ့ဆုံတဲ့အချိန်မှာ ထည့်ပြောသွားတယ်လို့ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးအာ ကာမျိုးထက်က ဧရာဝတီသတင်းဌာနကို ဖြေထားပါတယ်။

ဧရာဝတီ သတင်းဌာနက ဖော်ပြထားတဲ့သတင်းလင့်

https://shorturl.at/gAljA

ဖြစ်စဉ်အရ CRPH အဖွဲ့ဝင် Sithu Maung တင်ထားတဲ့ပို့စ်က ဓာတ်ပုံမှတ်တမ်းတွေကို ကူးယူကာ စစ်တပ်လော်ဘီ Aung Min ဆိုသူက သတင်းအမှား ဖြန့်ချီနေတာကို စိစစ်တွေ့ရှိရပါတယ်။

CRPH အဖွဲ့ဝင် Sithu Maung တင်ထားတဲ့ပို့စ်

https://shorturl.at/rIyQw

BBC သတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/CaSmz

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.