အမှန်/အမှား

+++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“လောင်းလုံးမြို့နယ်မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတစ်ဦးဟာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးရမှုအပေါ် PDF တွေ လုပ်တာ”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းနဲ့ကြေးမုံသတင်းစာတွေအပါအ ဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာ ၁၄ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတစ်ယောက်အား သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက လွတ်လပ်သော သတင်းဌာနတွေကို ပြောထားပါတယ်။

သူ့လမ်းသူသွားတာကို ပစ်သတ်ပြီး ဒီအတိုင်း ထားပစ်ခဲ့တဲ့အတွက် သွေးလွန်ကာ သေတဲ့ပုံစံမျိုးဖြစ်ပြီး ရုပ်အလောင်းကို မိသားစုဝင်တွေပြန်ရတယ်လို့ DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က လောင်းလုံးမြို့နယ် အင်းဇောက်ရွာမှာ နွားနို့ပို့သွားရန် နေအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်နွဲ့သန်းဟာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေးအရေး သပိတ်လှုပ်ရှားမှုကော်မတီ DDMSC က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် အဲဒီအမျိုးသမီးဟာ ပစ်ခတ်ခံရပြီး တစ်နာရီလောက်အကြာမှာ ကျည်ထိမှန်တဲ့ ဒဏ်ရာနဲ့သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ တနင်္သာရီတိုင်းမ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

DDMSC ရဲ့ထုတ်ပြန်ချက်လင့်

https://shorturl.at/Pktxj

DVBသတင်းဌာနက ဖော်ပြထားတဲ့သတင်းလင့်

https://shorturl.at/jkndH

တနင်္သာရီတိုင်းမ်သတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/X0KtF

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.