မော်စကို၊ ဒီဇင်ဘာ ၁၉
မော်စကိုမြို့မှာ ဗိုလ်ချုပ် အီဂေါ် ကီရီလော့ဗ်နဲ့ သူ့ရဲ့ လက်ထောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ အသက် ၂၉ နှစ်အရွယ် ဥဇဘက်ကစ္စတန်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထားကြောင်း ရုရှားအရာရှိတွေက ပြောကြားထားပါတယ်။
ရုရှားနိုင်ငံရဲ့ ရေဒီယိုသတ္တိကြွမှု၊ ဓာတုဗေဒနဲ့ ဇီဝဗေဒဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် လက်ထောက်ဗိုလ်ချုပ် အီဂေါ် ကီရီလော့ဗ်ဟာ ဒီဇင်ဘာ ၁၇ ရက်မှာ သူနေထိုင်ရာ အဆောက်အဦးအပြင်ဖက်မှာ ရှိနေချိန် လျှပ်စစ်စကူတာမှာ တပ်ဆင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းကို အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲလုပ်ကြံတာ ခံခဲ့ရကြောင်း ရုရှားအရာရှိတွေက ပြောပါတယ်။
လူသိရှင်ကြား အမည်ဖော်ပြမထားတဲ့ သံသယရှိသူက သူ့ကို အဲဒီလို လုပ်ကြံဖို့ ယူကရိန်း ထောက်လှမ်းရေးဌာနက ငှားရမ်းခဲ့တာ ဖြစ်တယ်လို့ ဝန်ခံထားကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးဌာနက ပြောပါတယ်။
ရုရှား စုံစမ်းစစ်ဆေးရေးဌာနက အခုလိုမျိုး ပြောကြားထားပေမယ့် အထောက်အထား ဖော်ပြထားတာ မတွေ့ရပါဘူး။
အခုလို လုပ်ကြံသတ်ဖြတ်မှု နောက်ကွယ်မှာ သူတို့ပါဝင်ကြောင်း ယူကရိန်း ထောက်လှမ်းရေးဌာနက ဝန်ခံထားပြီး ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် ကီရီလော့ဗ်ဟာ မိမိတို့ရဲ့ တရားဝင်ပစ်မှတ်ဖြစ်ပြီး သူဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားသူ ဖြစ်တယ်လို့ ယူကရိန်း ထောက်လှမ်းရေးက ပြောကြားထားကြောင်း အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။
ကီရီလော့ဗ် နေထိုင်ရာ လူနေ အဆောက်အဦးဝင်ပေါက်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ စကူတာကို ရပ်ထားပြီး လုပ်ကြံခဲ့တာ ဖြစ်တယ်လို့ ရုရှားအရာရှိတွေက ပြောပါတယ်။
အဲဒီနေရာကို စောင့်ကြည့်ဖို့ လုပ်ကြံရေးသမားဟာ ကားတစ်စီး ငှားရမ်းထားပြီး ဗီဒီယိုကင်မရာနဲ့ လုပ်ကြံတဲ့ ဖြစ်ရပ်ကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ကြံသတ်ဖြတ်မှုအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့ ဥရောပနိုင်ငံကူး လက်မှတ် ပေးထားကြောင်း အဲဒီ ဥဇဘက်ကစ္စတန်နိုင်ငံသား သံသယရှိသူက ပြောဆိုနေပုံကို ရုရှား ထောက်လှမ်းရေးက ဗီဒီယို ရိုက်ကူး ဖော်ပြထားပါတယ်။
သံသယရှိသူက ခြိမ်းခြောက်ခံရလို့ အဲဒီလို ထွက်ဆိုတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
Ref:BBC