ဘန်ကောက်၊ ဒီဇင်ဘာ ၁၉
ထိုင်းနိုင်ငံရှိ နယ်စပ်ဆေးရုံမှာ မြန်မာမိဘတွေက မွေးဖွားတဲ့ ကလေးတွေအတွက် ဂဏန်း ၁၃ လုံးပါ သက်သေခံနံပါတ် အလိုအလျောက်ထုတ်ပေးထားပေမယ့် ထိုင်းနိုင်ငံသားတွေလို အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် ရရှိမှာ မဟုတ်ဘူးလို့ ထိုင်းအမျိုးသား ကျန်းမာရေး ဖူလုံရေးရုံး NHSO က ဒီဇင်ဘာ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
ပိုပြီး အရေးကြီးတာက သူတို့အတွက် ထုတ်ပေးထားတဲ့ သက်သေခံ ကတ်မှာ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သတ်မှတ်ထားပြီး ထိုင်းနိုင်ငံသားမဟုတ်ကြောင်း ဖော်ပြထားတာပဲ ဖြစ်တယ်လို့ NHSO အတွင်းရေးမှူးချုပ် ဒေါက်တာ ဂျာဒေး သမ်မာတာချာရီက ဆိုပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှု အကျိုးခံစားခွင့်တွေ ရလိုတာကြောင့် မြန်မာနိုင်ငံကနေ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး ထိုင်းမှာ ကလေးလာမွေးတဲ့ ကိုယ်ဝန်ဆောင် အရေအတွက် ပိုများလာတယ်ဆိုတဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်ကို တုံ့ပြန်တဲ့အနေနဲ့ NHSO က အခုလိုမျိုးပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြန်မာဘက်ကနေ ရွှေပြောင်းလာသူတွေဟာ ကျန်းမာရေး စောင့်ရှောက်ခွင့်ရရှိတဲ့ အစီအစဉ်မှာ မပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် သတ်မှတ်ပေးထားတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို အသုံးချနေကြတာ ဖြစ်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လက ထိုင်းနယ်စပ်ဆေးရုံမှာ မြန်မာအမျိုးသမီးတွေက မွေးဖွားတဲ့ ကလေးငယ် ၁၆၀ ခန့်ရှိချိန်မှာ ထိုင်းအမျိုးသမီးတွေ မွေးဖွားတဲ့ ကလေးအရေအတွက်က ၈၀ လောက်ပဲ ရှိတယ်လို့ ကျန်းမာရေး အလုပ်သမား တစ်ဦးက လူမှုကွန်ရက်မှာ ဖော်ပြခဲ့ရာကနေ ဝေဖန်မှု မြင့်တက်လာတာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကနေ မွေးဖွားတဲ့ ကလေးတွေအတွက် ကျန်းမာရေး စောင့်ရှောက်ခွင့် အကျိုးခံစားခွင့်ကို ထိုင်းအခွန်ထမ်း ပြည်သူတွေရဲ့ ပေးဆောင်တဲ့ ရန်ပုံငွေနဲ့ ထောက်ပံ့နေရပြီး နယ်စပ် ဆေးရုံမှာ ကလေးလာမွေးတဲ့ မြန်မာအမျိုးသမီးတွေဆီက မွေးတဲ့ ကလေးတွေကို ပေးဖို့ သတ်မှတ်မထားကြောင်း NHSO က ပြောပါတယ်။
နိုင်ငံခြားသားတွေအနေနဲ့ အဲဒီလို ကျန်းမာရေး စောင့်ရှောက်ခွင့် အခမဲ့ရရှိမှာ မဟုတ်ဘဲ ကိုယ့်ငွေကိုယ် စိုက်ရှင်းရမှာ ဖြစ်တယ်လို့ NHSO က ပြောကြားထားပါတယ်။
Ref:Bangkokpost