ဂျာကာတာ၊ ဒီဇင်ဘာ ၁၈

လုပ်ငန်းစု လူမှုရေး တာဝန်စီမံကိန်းကို လွဲမှားစွာ ကိုင်တွယ်မှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ဆက်စပ်ပြီး ဂျကာတာမြို့မှာရှိတဲ့ အင်ဒိုနီးရှား ဗဟိုဘဏ်ရုံးချုပ်ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက ဒီဇင်ဘာ ၁၆ ရက်မှာ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ပယ်ရီ ဝါဂျီယိုရဲ့ ရုံးလည်း စီးနင်းခံရတဲ့အထဲ ပါဝင်တယ်လို့ အဲဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုက ရိုက်တာ သတင်းဌာနကို ပြောကြားထားပါတယ်။

သူတို့ဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မီဒီယာထံ ပြောဆိုခွင့် မရှိတာကြောင့် အမည်မဖော်ဘဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဝါဂျီယိုရဲ့ရုံး စီးနင်းခံရကြောင်း အတည်ပြုပေးဖို့ တောင်းဆိုတာကို အင်ဒိုနီးရှားဘဏ် ပြောရေးဆိုခွင့်ရှိသူက မတုံ့ပြန်ဘူးလို့ သိရပါတယ်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီ အရာရှိ တစ်ဦးကတော့ အဲဒီလို စီနင်းမှုတွေ ရှိခဲ့ကြောင်း အတည်ပြုထားပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

မိမိတို့အနေနဲ့ စုံစမ်း စစ်ဆေးမှုကို လေးစားကြောင်း အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောပါတယ်။

အင်ဒိုနီးရှားဘဏ်က လူတစ်ဦးချင်းစီကို မဟုတ်ဘဲ ပညာရေး၊ လူ့စွမ်းအား ဒါမှမဟုတ် ဘာသာရေး ဖောင်ဒေးရှင်းတွေကို ငွေလှူဒါန်းလေ့ ရှိပါတယ်။

အကျိုးခံစားခွင့် ရရှိမယ့်လူတွေကို စစ်တမ်းကောက် ရွေးချယ်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်တယ်လို့ အုပ်ချုပ်ရေးမှူး ဝါဂျီယိုက အရင်က ပြောကြားခဲ့ဖူးပါတယ်။

အဲဒီလို လှူဒါန်းရာမှာလည်း ပမာဏကို အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့က ဆုံးဖြတ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ပုံငွေ အသုံးချမှုနဲ့ ပတ်သက်လို့တော့ အင်ဒိုနီးရှားဘဏ်က အသေးစိတ် ဖော်ပြမထားပါဘူး။

ဗဟိုဘဏ်က နှစ်ရက်ကြာ မူဝါဆိုင်ရာ အစည်းအဝေး စတင်ချိန်မှာ အခုလိုမျိုး စီးနင်းရှာဖွေ ခံရတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.