အိုတာဝါ၊ ဒီဇင်ဘာ ၁၈

စောင့်ကြည့် ထောက်လှမ်းမှု အားကောင်းစေရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ပစ်မှတ်ထား တိုက်ဖျက်ရေး ပူးပေါင်းတပ်ဖွဲ့ အပါအဝင် ကနေဒါအစိုးရက အမေရိကန်-ကနေဒါ နယ်စပ်တစ်လျှောက် လုံခြုံရေး အစီအစဉ်အသစ် တော်တော်များများကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။

ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါး ဝင်ရောက်မှု တားဆီးရေး နှစ်နိုင်ငံနယ်စပ်ကို လုံခြုံအောင် မလုပ်ဘူးဆိုရင် ကနေဒါကနေ တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဇန်နဝါရီလမှာ သမ္မတရာထူး လက်ခံမယ့် ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပြီးနောက် ကနေဒါအစိုးရရဲ့ အခုလို အစီအစဉ်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီလို အခွန်တွေ တိုးကောက်လိုက်ရင် ကနေဒါနိုင်ငံရဲ့ စီးပွားရေးအတွက် ထိုးနှက်ချက်ကြီး ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သတိပေးထားပါတယ်။

အဲဒီအစီအစဉ် အသေးစိတ်ကို ကြေညာရာမှာ ကနေဒါဘဏ္ဍာရေးနဲ့ အစိုးရ အဖွဲ့ရေးရာ ဝန်ကြီးဌာနက ဖက်ဒရယ်အစိုးရ အနေနဲ့ အဲဒီအစီအစဉ်အတွက် ကန်ဒေါ်လာ သန်း ၉၀၀ သုံးစွဲသွားမယ်လို့ ဖော်ပြထားပါတယ်။

ကုန်စည်နဲ့ အများပြည်သူ ဖြတ်သန်းသွားလာမှု ပိုများလာစေပြီး တရားမဝင် မူးယစ်ဆေးတွေနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို အဲဒီအစီအစဉ်နဲ့ တားဆီးနိုင်မှာ ဖြစ်တယ်လို့ ကနေဒါ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောကြားထားပါတယ်။

အဲဒီ အစီအစဉ်ရဲ့ အဓိက ထောက်တိုင် ငါးခုမှာ ဖန်တနိုင်း မူးယစ်ဆေး စီးဆင်းမှု တားဆီးရေး၊ ဥပဒေစည်းကြပ်မှု ပိုမို အားကောင်းလာစေရေး၊ အမေရိကန် ဥပဒေစည်းကြပ်ရေးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားပိုကောင်းလာစေရေး၊ သတင်းအချက်အလက် ဝေမျှရေးနဲ့ နယ်စပ်မှာ ယာဉ်အသွားအလာ လျှော့ချရေးတို့ ပါဝင်ပါတယ်။

နယ်စပ်ဂိတ်တွေ အနီးမှာ ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေ အပါအဝင် ဝေဟင်က စောင့်ကြည့် ထောက်လှမ်းမှုတွေ လည်း လုပ်ဆောင်သွားမှာမယ့်အပြင် မူးယစ်ဆေး ရှာဖွေဖို့ ကနေဒါက ရဲတပ်ဖွဲ့က ခွေးတွေကို နောက်ထပ် လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကနေဒါ ဘဏ္ဍာရေးဝန်ကြီးအဖြစ် လီဘလန့်ရဲ့ ပထမဆုံး တာဝန် ထမ်းဆောင်တဲ့နေ့မှာ အခုလို ကြေညာချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဝန်ကြီး လီဘလန့်ဟာ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးနဲ့ ဒေါ်နယ်ထရန့်တို့ ဖလော်ရီဒါက အိမ်မှာ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်အတွင်း အတူ လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

ထရန့်က မက္ကဆီကို ကုန်ပစ္စည်းတွေကိုလည်း အခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ ခြိမ်းခြောက်ထားပြီး ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါး တားဆီးပေးဖို့ တောင်းဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.