တိုင်ပေ၊ ဒီဇင်ဘာ ၁၇
ဖြစ်လာနိုင်ခြေရှိတဲ့ တရုတ်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်ဖို့ ထိုင်ဝမ်က စစ်ရေးစွမ်ပကား တိုးမြှင့်နေချိန်မှာ အမေရိကန်ထုတ် အဆင့်မြင့် Abrams သံချပ်ကာကား ၃၈ စီးကို ပထမအသုတ် အဖြစ် လက်ခံရရှိကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
၂၀၁၉ ခုနှစ်က မှာထားတဲ့ သံချပ်ကာကား ၁၀၈ စီးအနက် ပထမအသုတ်အဖြစ် ပို့လိုက်တဲ့ M1A2 သံချပ်ကာကားတွေဟာ ဒီဇင်ဘာ ၁၅ ရက်က ထိုင်ဝမ်သို့ ရောက်ရှိလာပြီး မြို့တော်တိုင်ပေရဲ့ တောင်ဖက် ရှင်းချူဒေသရှိ စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်းသို့ လွှဲပြောင်းပို့ဆောင် ပေးလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကမ္ဘာ့ အလေးလံဆုံး သံချပ်ကားတွေထဲမှာ ပါဝင်တဲ့ Abrams သံချပ်ကာကားတွေဟာ အမေရိကန်စစ်တပ်ရဲ့ အရေးပါတဲ့ သံချပ်ကာယာဉ်တွေ ဖြစ်ပါတယ်။
M1A2 သံချပ်ကာကားတွေဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ ထိုင်ဝမ်သို့ ပထမဆုံး ပေးပို့တဲ့ သံချပ်ကာကားတွေ ဖြစ်ကြောင်း Central News Agency သတင်းဌာနက ဖော်ပြထားပါတယ်။
ထိုင်ဝမ်ရဲ့ လက်ရှိ သံချပ်ကာတပ်ဖွဲ့မှာ ထိုင်ဝမ်ထုတ် CM 11 Brave Tiger အမျိုးအစား သံချပ်ကာကားတွေနဲ့ အမေရိကန်ထုတ် M60A3 သံချပ်ကားတွေ ပါဝင်ပါတယ်။
Abrams သံချပ်ကာကား ၁၀၈ စီးအတွက် ထိုင်ဝမ်အစိုးရက အမေရိကန် ဒေါ်လာ ၁ ဒသမ၂ ဘီလီယံကျော်ကို အရင်ကတည်းက ခွင့်ပြုပေးထားခဲ့တာ ဖြစ်ပါတယ်။
မှာယူထားတဲ့ လက်ကျန် သံချပ်ကာကားတွေကို ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်တို့မှာ ထိုင်ဝမ်သို့ ပေးပို့မယ်လို့ မျှော်လင့်ရကြောင်း စစ်ဖက်ဆိုင်ရာ အရာရှိ တစ်ဦးက ပြောကြားထားပါတယ်။
တရုတ်က ထိုင်ဝမ်ကို မကြာသေးခင်နှစ်တွေမှာ စစ်ရေးဖိအားတွေ ပိုပေးလာခဲ့ပြီး ထိုင်ဝမ်တဝိုက် လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာ အပြင် တိုက်လေယာဉ်တွေ စစ်သင်္ဘောတွေ ပုံမှန် စေလွှတ်တာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။
ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ မိမိတို့ အပိုင်ဒေသဖြစ်တယ်လို့ တရုတ်အစိုးရဘက်က ပြောဆိုထားပြီး မိမိတို့ အုပ်ချုပ်မှုအောက်သို့ ပြန်လည် ထားရှိရေး အင်အားသုံးစရာလိုရင် သုံးမယ်လို့ ပြောဆိုထားပါတယ်။
Ref:AFP