ဝါရှင်တန်၊ ဒီဇင်ဘာ ၁၇
သမ္မတ ဘာရှား အယ်လ် အာဆတ် ဖြုတ်ချခံရပြီးနောက် ဆီးရီးယားမှ စစ်သုံး ပစ္စည်းကိရိယာတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ရုရှားက ကြီးကြီးမားမား အတိုင်းအတာနဲ့ ပြန်လည် ဆုတ်ခွာမှု စတင်နေပြီ ဖြစ်ကြောင်း အမေရိကန်အရာရှိ နှစ်ဦး၊ ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ အနောက်တိုင်း အရာရှိ တစ်ဦးတို့က ပြောကြားလိုက်ပါတယ်။
ရုရှားတပ်တွေ ဆုတ်ခွာမှုဟာ ကြီးကြီးမားမား သိသိသာသာ ဆုတ်ခွာမှုဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့တာ ဖြစ်ပေမယ့် အမြဲတမ်းအတွက် ဆုတ်ခွာသွားတာလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အဲဒီအရာရှိတွေက ပြောပါတယ်။
လောလောဆယ်မှာ ရုရှားအရာရှိတွေက အဓိက အခြေစိုက်စခန်းတချို့မှာ ရုရှားတပ်တွေ ဆက်နေလို့ ရ၊မရ ဆီးရီးယားရှိ အင်အား အကြီးဆုံး လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ အမေရိကန်နဲ့ အနောက်တိုင်း ထောက်လှမ်းရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရုရှားအနေနဲ့ ဒမတ်စကတ်ရှိ တော်လှန်ရေးတပ်တွေနဲ့ အဆက်အသွယ် လုပ်ထားတယ်လို့ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ပြီးခဲ့တဲ့ သီတင်းပတ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မိမိတို့ရဲ့ တပ်ဖွဲ့ဝင်တွေ အဆောက်အအုံတွေထဲမှာ ရှိနေဆဲ ဖြစ်တာကြောင့် ဆီးရီးယားမှာ မြေပြင်ကို ထိန်းချုပ်ထားတဲ့ အဖွဲ့တွေနဲ့ မဖြစ်မနေ ဆက်သွယ်ရမှာ ဖြစ်တယ်လို့ နန်းတော်ပြောခွင့်ရက ပြောပါတယ်။
ဆီးရီးယားရှိ ရေတပ်သုံး စစ်ပစ္စည်းတွေကို ရုရှားက လစ်ဗျားနိုင်ငံဆီ ပြောင်းရွှေ့နေတယ်လို့ အမေရိကန်အရာရှိတွေက ပြောကြားထားပါတယ်။
ဘန်ဂါဇီမြို့ရှိ ရုရှားပိုင်တယ်လို့ ပြောထားတဲ့ ဆိပ်ကမ်းတစ်ခု ပိုင်ဆိုင်မှု သေချာစေရေး ရုရှားက လစ်ဗျား အမျိုးသားစစ်တပ် တပ်မှူး ခါလီဖာ ဟာဖတာကို ဖိအားပေးနေတယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိ တစ်ဦးက ပြောဆိုထားပါတယ်။
ဆီးရီးယားရှိ တာတု့စ် ဆိပ်ကမ်းကို စွန့်လွှတ်လိုက်ရပြီး လစ်ဗျားမှာ ဆိပ်ကမ်း မပိုင်တော့ဘူးဆိုရင် ရုရှားရေတပ် အနေနဲ့ နေတိုးအဖွဲ့ရဲ့ တောင်ပိုင်းရေယာဉ်စုကို တားဆီးဖို့ မြေထဲပင်လယ်ထဲမှာ ဆိပ်ကမ်း မရှိဘဲ ဖြစ်သွားနိုင်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ဆီးရီးယားရှိ ဆိပ်ကမ်းကို ယာယီ ဆုံးရှုံးလိုက်ရတယ်ဆိုရင်ပဲ ရုရှား အနေနဲ့ အာဖရိကသို့ တရားမဝင်ပစ္စည်းတွေ ပို့ဆောင်ဖို့ ပိုခက်ခဲသွားမှာ ဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။
Ref:CNN