ဆိုးလ်၊ ဒီဇင်ဘာ ၁၆
စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို စွပ်စွဲ ပြစ်တင်ရာကနေ ရာထူးတာဝန်က ရပ်ဆိုင်းလိုက်ပြီးနောက် တစ်ရက်အကြာမှာ ယာယီ သမ္မတ ဟန်ဒက်ဆူးက ငွေကြေးဈေးကွက် တည်ငြိမ်စေရေး၊ မဟာမိတ်တွေ စိတ်ချလက်ချ ရှိနေစေရေး ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။
ယာယီသမ္မတ ဟန်ဟာ ရာထူးကနေ ထွက်တော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်နဲ့ ယာယီသမ္မတ ရုံးက ပြောပါတယ်။
တောင်ကိုရီးယားအနေနဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒတွေကို အနှောင့်အယှက် မရှိဘဲ ဆောင်ရွက်သွားမှာ ဖြစ်ပြီး တောင်ကိုရီးယား -အမေရိကန် မဟာမိတ်ဖွဲ့မှုကို ထိန်းသိမ်းရေး၊ ဆက်လက် အားကောင်းလာစေရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဟန်က ပြောကြားထားပါတယ်။
နိုင်ငံ့ ခေါင်းဆောင်ပိုင်း တည်ငြိမ်စေဖို့ နောက်ထပ် ကြိုးပမ်းမှုအနေနဲ့ အဓိက အတိုက်အခံပါတီက ဒီဇင်ဘာ ၃ ရက် သမ္မတဟောင်း ယွန်ဆွတ်ယိုလ်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် လက်ရှိ ယာယီသမ္မတ ဟန်ကို စွပ်စွဲ ပြစ်တင်မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။
ဝန်ကြီးချုပ်ကို ယာယီသမ္မတ အဖြစ် အတည်ပြုထားပြီး ဖြစ်သလို လွန်ကဲတဲ့ စွပ်စွဲ ပြစ်တင်မှုတွေက နိုင်ငံတော် အုပ်ချုပ်မှုအပိုင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်စေနိုင်တဲ့အတွက် မိမိတို့ အနေနဲ့ နောက်ထပ် စွပ်စွဲ ပြစ်တင်မှုတွေ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ အဓိက အတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင် လီဂျေးမြွန်က သတင်းထောက်တွေကို ပြောကြားခဲပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာမှုနဲ့ ပတ်သက်လို့ သမ္မတဟောင်းကို စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ထားပေမယ့် ရောက်မလာခဲ့ဘူးလို့ အစိုးရ ရှေ့နေတွေက ပြောကြားပြီး နောက်ထပ် ဆင့်ခေါ်စာ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။
သမ္မတဟောင်း ယွန်နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ နိုင်ငံတော် ပုန်ကန်မှု၊ အာဏာ အလွဲသုံးစားလုပ်မှု၊ ပြည်သူတို့ရဲ့ အခွင့်အရေးကို တားဆီးပိတ်ပင်မှုစတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
သမ္မတဟောင်း ယွန်က ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့တဲ့ နိုင်ငံရေး သြဇာကြီးမားသူ လက်ရှိ ယာယီသမ္မတ ဟန်ဟာ ယွန်ရဲ့ အမှုတွေကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက စစ်ဆေးဖို့ ရှိနေချိန်မှာ ဖွဲ့စည်းပုံအရ ယာယီသမ္မတ ဖြစ်လာတာ ဖြစ်ပါတယ်။
Ref:Reuters