အမှန်/အမှား
++++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“လျှပ်စစ်မီးတွေပျက်တာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကြောင့် မီးပျက်ရတာဆိုပြီး ”စစ်ကောင်စီချန်နယ်တွေက ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေက ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး လုပ်ကြံဝါဒဖြန့်နေတာပါ။
ဖြစ်စဉ်မှာတော့ စစ်ကောင်စီဟာ ဓာတ်အားပေးစက်ရုံနဲ့ ဓာတ်အားလိုင်းတွေ အဆင့်မြှင့်တင်တာ၊ တိုးချဲ့တည်ဆောက်ပြီး ပြုပြင်ထိန်းသိမ်းတာတွေကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆောင် ရွက်ရတာကြောင့် ထုတ်လုပ်မှုစရိတ် မြင့်မားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး မီတာခတွေကို နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံခဲ့တာလို့ စစ်ကောင်စီ လျှပ်စစ်ဌာနရဲ့ ထုတ်ပြန်ချက်ကို လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
မီတာခတွေ တိုးကောက်ထားပေမယ့် မွန်ပြည်နယ်မှာ ဒီဇင်ဘာပထမအပတ်ကစလို့ မြို့နယ်တိုင်းနီးပါး လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး တချို့ကျေးရွာတွေမှာ တစ်ရက်လျှင် အချိန်သုံးနာရီလောက်သာ လျှပ်စစ်မီးရရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောထားပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်မှာဆိုလည်း EPC က စက်ရုံတွေကို လျှပ်စစ်မီး ခိုးရောင်းစားပြီး ရပ်ကွက်ကို တနေ့ တစ်နာရီ၊ နာရီဝက်သာ မီးပေးတာကြောင့် ပြည်သူတွေ ဒုက္ခရောက်ရတယ်လို့ မြို့ခံတွေက DVB သတင်းဌာနကို ပြောထားပါတယ်။
ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်ပေးရေးကော်ပိုရေးရှင်း YESC ရုံးချုပ်ကလည်း ဆည်တွေမှာ ရေပြည့်ဝစွာမရရှိခြင်းကြောင့် အရင်သိုလှောင် စုဆောင်းထားရှိတဲ့ ရေတွေကို ချိန်ညှိပြီးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရတာ၊ သဘာဝဓာတ်ငွေ့ရရှိမှုအပေါ် တပ်ဆင်ထားတဲ့ စက်တွေရဲ့ စွမ်းအားပြည့် လည် ပတ်နိုင်မှုမရှိခြင်းတို့ကြောင့် လျှပ်စစ်မီးအပြည့်မပေးနိုင်ခဲ့လို့ စစ်ကောင်စီသတင်းစာတွေကနေ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီသတင်းစာလင့်
သံလွင်တိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့သတင်းလင့်
DVB သတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်