U.S. President Joe Biden meets with Chinese President Xi Jinping on the sidelines of the G20 leaders' summit in Bali, Indonesia, November 14, 2022. REUTERS/Kevin Lamarque

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၄

ဒေါ်နယ်ထရန့် လက်ထက်ရောက်မှ ဆုံးဖြတ်သင့်တယ်လို့ ရီပက်ဘလေကန်တွေက စောဒကတက်ပြီး ကန့်ကွက်နေတဲ့ကြားက အမေရိကန် အစိုးရဟာ တရုတ်နဲ့ သိပ္ပံပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု အသစ် တစ်ရပ်ကို ဒီဇင်ဘာ ၁၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီသဘောတူညီမှုမှာ အားကောင်းတဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာကာကွယ်ရေး အရံအတားတွေ ပါရှိပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြေငလျင်၊ ရာသီဥတုနဲ့ တုပ်ကွေးရောဂါ စောင့်ကြည့်ရေးလို နယ်ပယ်တွေအတွက် အသုံးဝင်တဲ့ တရုတ်ရဲ့ အချက်အလက်တွေကို အမေရိကန်က အသုံးပြုခွင့်၊ အေဂျင်စီ အချင်းချင်း ဖလှယ်ရေး မူဘောင် ဖန်တီးခွင့်၊ သိပ္ပံပညာဆိုင်ရာ နယ်ပယ်များစွာမှာ ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်ကတည်းက ငါးနှစ်ကြာတိုင်း တစ်ကြိမ်စီ သက်တမ်း တိုးလာခဲ့တဲ့ အဲဒီ သဘောတူညီမှုဟာ အခုနှစ်မှာတော့ သက်တမ်း မတိုးဖြစ်ခဲ့တာဟာ တရုတ်က အသိဉာဏဆိုင်ရာ ပိုင်ဆိုင်မှု သတ်မှတ်ချက်တွေကို ထိန်းသိမ်းဖို့ မကြာခဏ ပျက်ကွက်တာနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် ဖြစ်ပါတယ်။

သဘောတူညီမှု သက်တမ်းတိုးရေး ထောက်ခံတဲ့ အမေရိကန် လေ့လာသူတွေကတောင် တရုတ်ကို ပေးမယ့် အမေရိကန်ရဲ့ ဆန်းသစ် တီထွင်မှုတွေကို စောင့်ရှောက် ကာကွယ်ဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

ဇန်နဝါရီ ၂၀ ရက် ဒေါ်နယ်ထရန့် ကျမ်းသစ္စာ မကျိန်ဆိုခင် သီတင်းပတ်ပိုင်း အလိုမှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှု အသစ်ဟာ အရင်က သဘောတူညီမှုတွေထက် ပိုကောင်းတယ်လို့ ဘိုင်ဒန် အစိုးရက ပြောပါတယ်။

မိမိတို့ အနေနဲ့ အမေရိကန် အမျိုးသား လုံခြုံရေးအကျိုးစီးပွားတွေကို အမြဲ နှလုံးသွင်းပြီး တရုတ်နဲ့ ဆွေးနွေး ညှိနှိုင်းခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားထားပါတယ်။

အဲဒီ သဘောတူညီမှု ရရှိရေး ဆောင်ရွက်နေမှုတွေ ချက်ချင်း ရပ်တန့်ဖို့ ရီပက်ဘလေကန်တွေက ပြောကြားပြီး ဒီဇင်ဘာ ၁၂ ရက် ညအထိ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုအစိုးရ သက်တမ်း နောက်ဆုံးနေ့ရက်တွေမှာ သဘောတူညီမှု အသစ် တစ်ရပ် လက်မှတ်ရေးထိုးတာက နောက်တက်လာမယ့် အစိုးရရဲ့ လက်တွေကို ကြိုးတုပ်လိုက်တာ ဖြစ်ပြီး သဘောတူညီမှုက နုတ်ထွက်လို့ မရအောင် ဒါမှမဟုတ် ပိုကောင်းတဲ့ သဘောတူညီမှု တစ်ရပ် ရယူရေး ညှိနှိုင်းလို့ မရအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ရီပက်ဘလေကန်တွေက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.