ဘေဂျင်း၊ ဒီဇင်ဘာ ၁၃

အငြင်းပွားနေတဲ့ ရေပြင်မှာ နောက်ဆုံး ထိပ်တိုက်တွေ့မှုအတွက် ဘေဂျင်းနဲ့ မနီလာတို့ အပြန်အလှန် အပြစ်တင်ခဲ့ပြီး သီတင်းတစ်ပတ် အကြာမှာ ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့အတူ ပြဿနာဖြစ်အောင် ရန်စနေတယ်လို့ ဒီဇင်ဘာ ၁၃ ရက်မှ တရုတ်က စွပ်စွဲလိုက်ပါတယ်။

အမေရိကန်က ထောက်ပံ့ကူညီပေးမှုနဲ့ အတူ ကိုယ်စားလုပ်ခိုင်းနေပြီး ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်ထဲရှိ နေရာများစွာမှာ ပြဿနာ ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူကျန်းက သူတို့ရဲ့ တရားဝင် WeChat စာမျက်နှာမှာ ပြောဆိုထားပါတယ်။

ဖိလစ်ပိုင်နဲ့ နယ်နိမိတ် အတိုင်းအတာတွေကို နိုင်ငံတကာ သဘောတူညီမှုတွေ အများကြီးနဲ့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်ဆိုတာကို ကောင်းကောင်း သတိပြုမိထားပြီး တရုတ် ပိုင်ဆိုင်ထားတဲ့ ကျွန်းနှစ်ကျွန်း သူတို့ ပိုင်နက်ထဲ မပါဘူးဆိုတာကို သိသိကြီးနဲ့ ပြဿနာတွေ ဖန်တီးနေတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ထားတယ်လို့ ပြောထားတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်တို့ အခုနှစ် နေရာတော်တော်များများမှာ ထိပ်တိုက်တွေ့မှုတွေ အများကြီး ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ရေပြင်ရဲ့ အစိတ်အပိုင်းတွေကို ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း သူတို့ ပိုင်တယ်လို့ ပြောဆိုထားပါတယ်။

တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို သူတို့ ပိုင်တယ်လို့ တရုတ်ရဲ့ ပြောဆိုမှု ဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက ၂၀၁၆ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပေမယ့် ဘေဂျင်းက ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ငါးဖမ်းသမားတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ သွားရောက် ပို့ဆောင်တဲ့ ဖိလစ်ပိုင် ရေလုပ်ငန်းအဖွဲ့ချုပ်ရဲ့ လှေတွေကို တရုတ် ကမ်းခြေစောင့်တပ် သင်္ဘောတွေက မီးသတ်ပိုက်တွေနဲ့ ထိုးပြီး တားဆီးခဲ့တယ်လို့ မနီလာဘက်က ပြောပါတယ်။

တရုတ်က ဖိလစ်ပိုင် ငါးဖမ်းလှေ လေးစီးဟာ မိမိတို့ရေပိုင်နက်ထဲ ဝင်ရောက်လာတာကြောင့် တားဆီးခဲ့တာ ဖြစ်တယ်လို့ တရုတ်ဘက်က ပြန်လည် တုံ့ပြန်ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.