ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃
သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်မလာခင် ကိဗ်စစ်တပ်ကို အားဖြည့်ရေး အလျင်အမြန် ကြိုးပမ်းနေချိန် ယူကရိန်းအတွက် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီ ထပ်မံ ပေးပို့မယ့် အစီအစဉ်ကို အမေရိကန်အစိုးရက ဒီဇင်ဘာ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးနေရတဲ့ ယူကရိန်း စစ်တပ်အတွက် အရေးတကြီး လိုအပ်နေတဲ့ လက်နက်တွေ မိမိတို့ ထပ်မံပေးပို့မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ထရန့် အနိုင်ရရှိထားတာကြောင့် ယူကရိန်းအတွက် အမေရိကန်ရဲ့ အကူအညီ ပေးပို့မှုနဲ့ ပတ်သက်လို့ သံသယတွေ ရှိလာခဲ့ပြီး အတည်ပြုပေးထားပြီးဖြစ်တဲ့ အကူအညီတွေကို လာမယ့်လ သူကျမ်းသစ္စာ မကျိန်ဆိုခင် ပေးအပ်နိုင်ရေး အချိန်လုပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ရုရှားက ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း အမေရိကန်က အခိုင်အမာ ကူညီပေးခဲ့ပေမယ့် ထရန့်က ယူကရိန်းအတွက် အကူအညီတွေကို လျှော့ချနိုင်တယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်က ယူကရိန်းအတွက် အခု ပေးပို့မယ့် လက်နက်တွေမှာ HIMARS ဒုံးကျည် ပစ်စင်တွေ ၊ လက်နက်ကြီးကျည်တွေ၊ ဒရုန်းတွေ၊ နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်မှု၊ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှု အန္တရာယ်ကနေ ကာကွယ်နိုင်မယ့် ပစ္စည်းကိရိယာတွေ ပါဝင်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်က ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၇၂၅ သန်းနဲ့ ၉၈၈ သန်း ပေးမယ်လို့ အခုလ စောစောပိုင်းက နှစ်ကြိမ် ကြေညာခဲ့ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ယူကရိန်းသို့ အမေရိကန်ရဲ့ စစ်ရေးအကူအညီ ပေးနေမှုကို ဝေဖန်ပြီး သူ့အနေနဲ့ နာရီပိုင်းအတွင်း အပစ်ရပ်ရေး ဆောင်ရွက်နိုင်တယ်လို့ ကြွားဝါထားတဲ့ ထရန့် အိမ်ဖြူတော် မရောက်လာခင် လက်ရှိ အမေရိကန်အစိုးရက ကိဗ်အတွက် တတ်နိုင်သမျှ အကူအညီ အများဆုံး ရရှိရေး ဆောင်ရွက်နေပါတယ်။
လက်ရှိ သမ္မတ ဂျိုး ဘိုင်ဒန်က မိမိတို့ အစိုးရသက်တမ်း အဆုံးသတ်ချိန် အထိ ယူကရိန်းကို ကူညီပေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်ရဲ့ အကူအညီတွေ မရတော့ရင် ယူကရိန်းအနေနဲ့ ရုရှား တိုက်ခိုက်မှုတွေကို တောင့်ခံနိုင်ပါ့မလားဆိုတာနဲ့ ပတ်သက်လို့ ယူကရိန်းနဲ့ ဥရောပမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
Ref:AFP