ဖာပွန်၊ ဒီဇင်ဘာ ၁၂

KNU မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ ၅ နယ်မြေထဲက စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ စခန်းတွေဖြစ်ကြတဲ့ တောင်သုံးလုံးစခန်းနဲ့ ဆင်စွယ်စခန်းတို့ကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ကြီးတွေ အပါအဝင် ခဲယမ်းကျည်ဆံအများ အပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မဟာ ၅ ထံကနေ သိရပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာ ပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းမကြီးနားမှာ အခြေချတပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်စခန်းနဲ့ တောင်သုံးလုံးစခန်းတို့ကို အခုရက်ပိုင်းတွေထဲမှာ က ရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နဲ့ Force For Federal Democracy-FFD အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုနဲ့ လက်နက်ခဲယမ်းရရှိမှု စာရင်းအတိအကျကိုတော့ မသိရသေးဘူးလို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ က ဖာပွန်ခရိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ခေါပုတ်စခန်း၊ ကူးဆိပ်စခန်း၊ မထောစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက်ပိုင်း အခုအခါမှာ တောင်သုံးသုံးစခန်းနဲ့ ဆင်စွယ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိလိုက်တာဖြစ်ပါတယ်။

တောင်သုံးလုံးနဲ့ ဆင်စွယ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ တောင်သုံးလုံး အောက်ဘက် ကတိုင်တိစခန်းဘက်ကိုဦးတည်ပြီး ထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးပူး ပေါင်း တပ်ဖွဲ့တွေက လိုက်လံပိတ်ဆို့ ရှင်းလင်းနေတယ်လို့လည်း မြေပြင်စစ်ရေးသတင်းအရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ကတိုင်တိတပ်စခန်းကိုလည်း KNLA တပ်မဟာ ၅ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က ပျောက်ကျားနည်းနဲ့ သွားရောက်ပစ်ခတ်တာတွေရှိနေတာပါ။

“ကတိုင်တိစခန်းနဲ့ ပတ်သက်လို့ဘာမှမကြားရသေးဘူး။ ပျောက်ကျားပစ်ခတ်မှုကတော့ မကြာခဏဖြစ်နေတယ်။ ကတိုင်တိစခန်းတစ်ခုတည်းမဟုတ်ဘူး။ အခြားစခန်းတွေလည်း နေ့တိုင်းလိုလိုပျောက်ကျားအပစ်ခံရတယ်” လို့ တပ်မဟာ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်းက မထောစခန်း၊ ကူးဆိပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရတဲ့အတွက် စစ် ကောင်စီတပ်ဟာ မြေပြင်ကနေ ကမမောင်းဗျူဟာကနေတစ်ဆင့် ကတိုင်တိတောင်သုံးလုံးစခန်းဘက်ကို ဦးတည်ပြီး စစ်ကူပေးပို့လာခဲ့ပေမယ့် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုများပြားခဲ့ပြီး ရှေ့ဆက်မတိုးနိုင်ပဲဖြစ်နေတာပါ။

ဖာပွန်-ကတိုင်တိ-ကမမောင်း ကား လမ်းမကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ဆင်စွယ်စခန်းတို့ ထပ်မံတိုက်ခိုက်သိမ်းပိုက်ခံရတဲ့အတွက် အဲဒီလမ်းမကြီးပေါ်မှာ ကတိုင်တိစခန်း၊ ကညင်ဒုံစခန်း၊ နယ်ခြားစောင့်တပ် တပ်ရင်းဌာနချုပ် ၂ ရင်း အပါအဝင် ကမမောင်းဗျူဟာစခန်း တို့သာကျန်ရှိနေတော့တာ ဖြစ်ပါတယ်။

ဖာပွန်မြို့အနီးက စစ်ကောင်စီတပ်ရဲ့ အခြေချစစ်ဗျူဟာကိုတော့ KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆက်လက်ဝိုင်းရံထားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေသာ ရိက္ခာပစ္စည်းတွေကို လာရောက်ချပေးနိုင်တော့တယ်လို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- BPLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.