အမှန်/အမှား
++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဒေသခံတွေကို ဒရုန်းတွေနဲ့ပစ်ခတ်ပြီး PDF တွေပစ်တာဆိုပြီး ” လုပ်ကြံဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာအပါအဝင် တပ်ဘော်လီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာ ၅ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ထဲက မစိန်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းက ချင်းတွင်းမြစ်ကမ်းဘေးရှိ မထုကြီးနဲ့မထုလေးရွာတို့ကို ဒရုန်းနဲ့တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ အသက်လုထွက်ပြေးနေရတယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ကလေးဝမြို့ပေါ် စစ်ကောင်စီတပ်စခန်းတွေမှာ အင်အား ၁၀၀ နီးပါးရှိတဲ့ ရိက္ခာပို့စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာ ချင်းတွင်းမြစ် တဖက်ကမ်းရှိ မထုကြီးနဲ့မထုလေးရွာတို့ကို ဒရုန်းနဲ့ဗုံးချတာ၊ လူနေအိမ်တွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့တာကြောင့် ရွာခံသုံးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရသွားသလို ကျန်ရွာခံတွေလည်း အသက်လုထွက်ပြေးခဲ့ရတယ်လို့ mizzima သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့က ကလေးဝမြို့နယ် ပန်းချီစုရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီရွာနဲ့ ၂ မိုင်ကျော်လောက်ဝေးတဲ့ မထုကြီးရွာနဲ့ မထုလေးရွာဘက်ကို ဒရုန်းနဲ့ဗုံးသီးကြဲချခဲ့တာကြောင့် အသက် ၇၀ အရွယ် ဦးဘိုဝင်း၊ အသက် ၁၉ နှစ်အရွယ်တွေဖြစ်တဲ့ မောင်စိုးအောင်နဲ့ မောင်ထွန်းလင်းအောင်တို့ သေဆုံးခဲ့တယ်လို့ Myaelatt သတင်းမှာ ဖော်ပြထားပါတယ်။
Mizzima သတင်းဌာနက ဖော်ပြထားတဲ့သတင်းလင့်
Myaelatt သတင်းဌာနကဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်