မော်လမြိုင် ၊ ဒီဇင်ဘာ ၆

မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ တစ်စုတစ်စည်းတည်းဖြစ်ဖို့ နိုင်ငံရေးဦးဆောင်မှုရှိတဲ့ တပ်ပေါင်းစုဖွဲ့ရေး တာဝန်ရှိသူတွေကြား ညှိနှိုင်းဆွေးနွေးမှုရှိနေတယ်လို့ မွန်တော်လှန်ရေးအဖွဲ့ပြောခွင့်ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေကြား နိုင်ငံရေး၊ စစ်ရေးထိပ်ပိုင်းခေါင်း ဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တပ်ပေါင်းစုဖွဲ့ဖို့နဲ့ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေရဖို့ တိုင်ပင်ကြိုးစားနေဆဲလို့ ဆိုပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက လောလောဆယ်မှာ နည်းဗျူ ဟာနဲ့ စစ်ဆင်ရေးတို့မှာ မြေပြင်ပူးပေါင်းလှုပ်ရှားမှု အရှိန်ကောင်းလာသလို တပ်ပေါင်းစုဖွဲ့မယ့်အ ဆင့်ကိုရောက်ဖို့ တိုးတက်လာတယ်လို့ ပြောပါတယ်။

“အခုလောလောဆယ် မြေပြင်မှာနည်းဗျူဟာအဆင့်နဲ့ စစ်ဆင်ရေးအဆင့်မှာ ပူးပေါင်းလှုပ်ရှားမှုတွေ အရှိန်ကောင်းလာတယ်။ သို့သော်ငြားလည်း မိမိတို့ချမှတ်ထားတဲ့ မဟာဗျူဟာ‌မြောက် ပူး ပေါင်းဆောင်ရွက်မှုအဆင့်သို့ရောက်ဖို့ နည်းနည်းလေး အချိန်ယူနေရတဲ့သဘောပါ။ အားလုံးကို ခြုံပြီးပြောရရင် ဗျူဟာ‌မြောက်ပူးပေါင်း ဆောင်ရွက်မှုအဆင့် တပ်ပေါင်းစုဖွဲ့ဖို့အဆင့်ကိုရောက်ဖို့ အ များကြီးတိုးတက်လာတယ်လို့ပဲ ပြောရမှာပါ”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအအပေါ် မွန်အသိုင်းအဝိုင်းတွေကြား မတူညီတဲ့ အမြင်သဘောထားတွေ ကွဲလွဲခဲ့ကြပေမယ့် ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တပ်တွေအချင်းချင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုတစ်ခုအောက်မှာ ပေါင်းစည်းဖို့ မွန်လူထုတွေ ဆန္ဒရှိနေကြတာပါ။

စက်တင်ဘာမှာ ပြုလုပ်ခဲ့တဲ့ မွန်လူငယ်နိုင်ငံရေးဆွေးနွေးပွဲကနေ မွန်ပြည်နယ်အတွင်းရှိ လက်နက် ကိုင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ပူးပေါင်းသွားဖို့ ဘုံသဘောတူညီချက်တစ်ခုအဖြစ် ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်း မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြား ဗျူဟာမြောက်စစ်ဆင်ရေးတွေ အ ရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ ခိုင်မာကျစ်လစ်တဲ့ တပ်ပေါင်းစုတစ်ခု လိုအပ်တယ်ဆိုတဲ့ အမြင်သဘော ထားတွေ စကားဦးသန်းလာခဲ့ကြတာ ဖြစ်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက မွန်တပ်ဖွဲ့တွေကြား တပ်ပေါင်းစုဖွဲ့ဖို့နဲ့ ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးနေပေမယ့် တပ်အားလုံး မပါဝင်လာသေးဘူးလို့ ပြောပါတယ်။

“မွန်တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား တပ်ပေါင်းစုဖွဲ့ဖို့နောက် ပူးတွဲစစ်ဆင်ရေးတွေ လုပ် ဆောင်ဖို့အတွက် သက်ဆိုင်ရာ တပ်တာဝန်ရှိတွေကတော့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေတယ်။ ဘယ်အခြေအနေရောက်ပြီလဲဆိုတာ သူတို့အချိန်စောသေးလို့ ထုတ်ပြန်မှုတွေ မရှိသေးပါဘူး။ သို့သော် လည်း မွန်တော်လှန်ရေးတပ်တွေ အားလုံးတော့ မပါဝင်လာသေးဘူးဗျ။ တချို့တပ်တွေက အခြေ အနေအကြောင်းကြောင်းကြောင့် တဖြည်းဖြည်းနဲ့ တပ်ပေါင်းစုဖွဲ့ဖို့ ဝေးသွားတာ တွေ့ရတယ်။ တ ခြားသော အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့သွားတာတွေ ပေါင်းစည်းသွားတာတွေ ကျွန်တော်တို့ တွေ့ရတယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၃၀ ထက်မနည်း ပေါ် ပေါက်လာတဲ့ထဲက မွန်လက်နက်ကိုင်တပ်ဖွဲ့ လေးခုဟာ မတူညီတဲ့ကာလတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တည်ထောင်ခဲ့ကြတာပါ။

အဲဒီထဲမှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်လွတ် မြောက်ရေးတပ်တော် MLA တို့ဟာ အာဏာသိမ်းမှုအစောပိုင်းနဲ့ နှောင်းပိုင်းကာလတွေမှာ ဖွဲ့စည်းခဲ့ကြပါတယ်။

သက်တမ်းရင့်မိခင်ပါတီကနေ ခွဲထွက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကျမှသာ ပါဝင်လာခဲ့ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဖို့ သဘောတူခဲ့ကြတာပါ။

အလားတူ မွန်ပြည်ကာကွယ်ရေးတပ် MSDFကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အောက်မှာရှိတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်တည်ထောင်နိုင်တဲ့အထိတိုက်ပွဲဝင်ဖို့ ပူးပေါင်း ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါက်တာ သီရိမွန်ချမ်းကတော့ အရင်က ဆွေးနွေးခဲ့ကြတဲ့ မွန်ပြည်သစ်ပါတီ AD၊ MSDF၊ MSRF နဲ့ MLA တို့ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအဆင့်အထိ ရောက်အောင် ဆက်လက်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ဟာ အခြားမွန်တော်လှန်ရေးအဖွဲ့တွေနဲ့စာရင် မြေပြင်ပူးပေါင်းဆောင်ရွက်မှုတွေမှာ နည်းနည်းအလှမ်းဝေးနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။

“မွန်ပြည်သစ်ပါတီ AD ရယ် MSDF နဲ့ MSRF တို့က စစ်ရေးအရရော နိုင်ငံရေးအရ ပိုပြီးတော့ နီး စပ်ကြတယ်။ မြေပြင်မှာလည်း ဗျူဟာအဆင့် နည်းဗျူဟာအဆင့်နဲ့ စစ်ဆင်ရေးအဆင့်တွေမှာ ပူး ပေါင်းဆောင်ရွက်မှုတွေ ရှိနေကြတယ်။ ဒါပေမယ့် MLA ကြတော့ နည်းနည်းလေး အလှမ်းဝေးနေသေးတာပေါ့”လို့ ဆိုပါတယ်။

မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှာတော့ လတ်တလော စစ်ကောင်စီတပ်စခန်းတွေကို မြေပြင်ထိုးစစ်ဆင်တာတွေ မရှိပေမယ့် ဒရုန်းကနေ ဗုံးကြဲတိုက်ခိုက်မှုတချို့တော့ ရှိခဲ့ပါတယ်။

အာဏာသိမ်းမှုလေးနှစ်နီးပါးအတွင်း မွန်ပြည်နယ်မှာ အင်အားနဲ့ လက်နက်ခဲယမ်းလိုအပ်ချက်အရ အခြားတိုင်းရင်းသားဒေသတွေလိုမျိုး စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခြင်းမရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်စွဲထားတဲ့ နယ်မြေရဲစခန်းတချို့နဲ့ စစ်ဆေးရေးဂိတ်တွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေရှိခဲ့ပြီး စစ်ကြောင်းထိုးလာရင်တော့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတာလောက်ပဲ ရှိခဲ့တာပါ။

မွန်ပြည်သစ်ပါတီ AD ဒု ခေါင်းဆောင် (၁) နိုင်ဗညားလယ်ကတော့ စစ်ရေးအရ တပ်တစ်ခုနဲ့ တစ်ခုကြား ပူးပေါင်းတိုက်ပွဲဝင်ဖို့အတွက် ဆွေးနွေးနေပြီး ရှေ့ဆက်ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ထုတ်ပြောပါတယ်။

မွန်ပြည်သစ်ပါတီ AD၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ တစ်သံတစ်မိန့်တည်း အတူတကွ တိုက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သူကဆိုပါတယ်။

တစ်ဘက်မှာ မိမိတို့တပ်နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ နိုင်ငံရေးအရ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားရမယ်ဆိုတာ ဆွေးနွေးနေဆဲလို့ နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD ရဲ့ အပတ်စဉ် (၃) အခြေခံစစ်ဆင်တန်းဆင်းပွဲမှာ မွန်ဘာသာနဲ့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.