မကွေး ဒီဇင်ဘာ ၂

မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းတစ်ခု ဝင်ရောက်တိုက်ခိုက်ခံရမှုအတွင်း တပ်သား ၄ ဦးအပါအဝင် စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက မဲဇလီ-ဆည်တော်တံတား ဆည်တော်ဘက်ခြမ်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီဂိတ်မှာက စစ်ကောင်စီတပ်သားတွေပဲ ရှိတာ။ ပျူစောထီးတွေတော့မရှိဘူး။ ဝင်ရောက်စီးနင်းနိုင်ခဲ့တယ်လို့တော့ ပြောလို့ရတာပေါ့။ လက်ရှိမှာတော့ စစ်ကောင်စီဘက်က အင်အားတိုးပြီး ဂိတ်ပြန်ထိုင်ထားတယ်” လို့ မင်း​ဘူးခရိုင်အမှတ် ၇ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ဆည်တော်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက် နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဆည်တော်တံတား ဂိတ်မှာ စစ်ကောင်စီတပ်သား ၃ ဦးရှိပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာတွေနဲ့ ပြန်လည်ခုခံခဲ့တယ်လို့ သိရပါတယ်။

သေဆုံးစစ်ကောင်စီအလောင်းကို လာရောက်ကောက်ယူတဲ့ အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေကို ဆည်တော်ဘက်ခြမ်းဂိတ်မှာတင် မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ၂ ဦးထပ်မံသေဆုံးတယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေထံကနေ G-2 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၈ တောင့်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကိုတော့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ မကွေးတိုင်းပကဖ ရွေ့လျား စစ်ကြောင်း (Yenanthar Column) နဲ့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.