ဘန်ကောက်၊ ဒီဇင်ဘာ ၂
ထိုင်းငါးဖမ်းလှေတွေကို မြန်မာရေတပ်က ပစ်ခတ် ဖမ်းဆီးမှုကြောင့် လှေတစ်စီးပေါ်က ငါးဖမ်းသမား တစ်ဦး ရေနစ်သေဆုံးပြီး နှစ်ဦး ဒဏ်ရာရကာ ဒါဇင်နဲ့ချီ ဖမ်းဆီးခံရပြီးနောက် အဲဒီလုပ်ရပ်ကို ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ဒီဇင်ဘာ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၃၀ ရက်က မြန်မာရေပိုင်နက်ထဲဝင်ရောက်လာတဲ့ ထိုင်းငါးဖမ်းလှေတွေကို ရေတပ်ရဲ့ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ပေသွန်ထန်က မေးခွန်း ထုတ်ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့အနီး မြန်မာရေပိုင်နက်ထဲ ရေမိုင် ၄ ဒသမ ၅ မိုင်ကနေ ၇ မိုင်လောက်အထိ ဝင်ရောက်လာတဲ့ ထိုင်းငါးဖမ်းလှေ ၁၅ စီးအနက် ၂ စီး ပစ်ခတ်ခံခဲ့ရတယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားထားပါတယ်။
ထိုင်းငါးဖမ်းလှေတွေ မြန်မာ့ရေပိုင်နက်ထဲ ဝင်ရောက်ခဲ့သလားဆိုတဲ့ မေးခွန်းကို ထိုင်းဝန်ကြီးချုပ်က အတိအကျ သေချာပြောလို့ မရဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် မိမိတို့အနေနဲ့ အကြမ်းဖက်မှုကို မလိုလားဘဲ ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမား ၃၁ ဦးထဲက ထိုင်းနိုင်ငံသား လေးဦးကို အလျင်အမြန် ပြန်လွှတ်ပေးဖို့ ဝန်ကြီးချုပ်က တောင်းဆိုထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ စစ်ကောင်စီကို ရိုက်တာက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ဘူးလို့ ဆိုပါတယ်။
နယ်စပ် ဆက်သွယ်ရေး လမ်းကြောင်းကတစ်ဆင့် အင်အား အသုံးပြုမှုအပေါ် ကန့်ကွက်တဲ့ စာတစ်စောင်ကို စစ်ကောင်စီထံ ပေးပို့ထားပြီး ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဆောင်ပေးဖို့နဲ့ ထိုင်းနိုင်ငံသား လေးဦးကို အလျင်အမြန် ပြန်လွှတ်ပေးဖို့ ထိုင်းကာကွယ်ရေးဝန်ကြီးက တောင်းဆိုထားပါတယ်။
Ref:Reuters