ဘန်ကောက်၊ နိုဝင်ဘာ ၃၀

ဘွဲ့ ဒီဂရီတစ်ခုခု ကိုင်ထားသူကို ဘတ် ၁၈၀၀၀ ထက်မနည်းစေရေး၊ အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရရှိထားသူ တစ်ဦးကို အနည်းဆုံး ဘတ် ၁၁၀၀၀ ပေးရေး အစိုးရဝန်ထမ်းအသစ်တွေအဖြစ် ခေါ်ယူထားသူတွေအတွက် စတင်ရရှိမယ့် လစာပမာဏ ညှိနှိုင်းရေး အဆိုကို ထိုင်းဝန်ကြီးများအဖွဲ့က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီလို လစာနှုန်းထား ပြန်လည်ပြင်ဆင်မှုကြောင့် ဘက်ဂျက် ဘတ် ၂ ဒသမ ၆၇ ဘီလီယံ အသုံးပြုရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်က ချင်းမိုင်ရှိ ရာဂျာဘတ်တက္ကသိုလ်မှာ အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူက အစိုးရဝန်ထမ်းတွေရဲ့ ကနဦး လစာနှုန်းထားကို ညှိနှိုင်းရေး၊ စီးပွားရေး အပြောင်းအလဲတွေကြောင့် သက်ရောက်မှု ရှိသူတွေကို နစ်နာကြေး ပေးရေ အဆိုပြုချက်အပေါ် ဝန်ကြီးများအဖွဲ့က ခွင့်ပြုလိုက်ပြီလို့ ပြောကြားခဲ့တာပါ။

လစာနှုန်းထား ပြောင်းလဲရာမှာ အစိုးရဝန်ထမ်းတွေကို ယာယီ နေထိုင်စားသောက်မှု ကုန်ကျစရိတ် ထောက်ပံ့ငွေလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒီအဆိုပြုထားတဲ့ ဘတ်ဂျက်က နှစ်နှစ်အထိ ကြာမှာ ဖြစ်ပြီး ၅ လပါဝင်မယ့် ပထမဆုံးနှစ်အတွက် ဘတ် သန်း ၈၃၀ နဲ့ ၁၂ လ ပါဝင်မယ့် ဒုတိယနှစ်အတွက် ဘတ် ၁ ဒသမ ၈၄ သန်း လိုအပ်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ လာမယ့် မေလ ၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက် အထိ သက်တမ်း ရှိပါတယ်။
အစိုးရအေဂျင်စီတွေ အနေနဲ့ ဒီလို လုပ်ခလစာ အပြောင်းအလဲ လုပ်ဖို့ အတွက် ကနဦးမှာ ကိုယ်တိုင်ရန်ပုံငွေ စိုက်ထူကြရမှာ ဖြစ်ပါတယ်။

အဲဒီ ရန်ပုံငွေတွေ မလုံလောက်ဘူးဆိုရင် နှစ်စဉ် အသုံးစရိတ် ဗဟိုဘတ်ဂျက်ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘွဲ့လက်မှတ် ကိုင်ဆောင်ထားသူတွေနဲ့ အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ အစိုးရဌာနတွေမှာ အလုပ်ဝင်လုပ်မယ်ဆိုရင် ဘတ် ၁၈၀၀၀၊ ဘတ် ၁၁၀၀၀ ထက်မနည်းတဲ့ လစာတွေကို ရရှိကြမှာ ဖြစ်ပါတယ်။

အဲဒီ အစီအစဉ်အရ လာမယ့် နှစ်နှစ်တာ ကာလအတွက် ဝန်ထမ်းသစ်တွေရဲ့ အရည်အချင်းနဲ့ တူညီတဲ့ လက်ရှိ ဝန်ထမ်းတွေလည်း သူတို့ထက် လစာလျော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ထိုင်းအစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အနိမ့်ဆုံးလစာကိုလည်း တိုးပေးဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။

Ref:The Thaigar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.