မော်လမြိုင် ၊ နိုဝင်ဘာ ၃၀

မွန်ပြည်နယ်ရဲ့ အခုနှစ်ရော်ဘာရာသီမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် ရောဂါပိုးကျရောက်နေတာ၊ လုံခြုံရေးကြောင့် ရော်ဘာအစေးမခြစ်နိုင်တဲ့အတွက် ရော်ဘာအထွက်နှုန်း သိသိသာသာ ကျဆင်းနေတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရော်ဘာအစေးခြစ် လုပ်ငန်းတွေဟာ အခုနှစ်ရော်ဘာရာသီမှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် ဒေသအခေါ် ငှက်မျက်စိရောဂါ ပိုးမွှားတွေ ကျရောက်နေတဲ့အတွက် ရော်ဘာအရွက်တွေ ပုပ်ကြွေပြီးနောက် အထွက်နှုန်းတွေပါ ကျဆင်းလာပါတယ်။

ငှက်မျက်စိရောဂါပိုး ကျရောက်နေတဲ့အတွက် ရော်ဘာအထွက်နှုန်းဟာ ၃၀ ရာခိုင်နှုန်းထက်မနည်း ကျဆင်းသွားပြီး တချို့ရော်ဘာခြံတွေဟာ လုံခြုံရေးအခြေအနေကြောင့် အစေးမခြစ်နိုင်တဲ့ အ ခြေအနေနဲ့ ကြုံနေရတာပါ။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ ရော်ဘာခြံအများစုမှာ ငှက်မျက်စိရောဂါ ကျရောက်နေတဲ့အ တွက် ရော်ဘာအစေးထွက်နှုန်း မနှစ်ကထက် လျော့နည်းကျဆင်းလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အပင်တွေ ရောဂါကျတယ်။ ဟိုတလောက မိုးရွာလိုက် ချမ်းလိုက် နေပူလိုက် ဖြစ်လိုက်တဲ့အခါကျတော့ အရွက်တွေပုပ်ပြီးတော့ အမဲစက် အမဲစက်တွေဖြစ်ပြီး ငှက်မျက်စိရောဂါလို့ ခေါ်တယ်လေ။အဲ့ဒီရောဂါကျနေတဲ့အခါကျတော့ အပင်တွေက တချို့တလေ အပင်တွေဆိုလို့ရှိရင် အရွက်တောင် မရှိတော့ဘူး။ အပင်ဂတုံးတွေ ဖြစ်ကုန်ပြီး။ ဟိုရွက်တွေ ကြွေပြီးတော့ ရွက်ကြွေချိန် မရောက်ဘဲ ရွက်တွေ ကြွေလိုက်တဲ့အခါကျတော့ အစေးထွက်နှုန်းလျော့တယ်။ တချို့တလေ ခြံတွေကျတော့လည်း ရွက်မကြွေဘူး။ ဒါပေမယ့် အဲ့ဒီရောဂါဖြစ်တော့ အစေးထွက်နှုန်းလျော့တယ်”လို့ ဆိုပါတယ်။

ရော်ဘာခြံတွေမှာ ကျရောက်တဲ့ ငှက်မျက်စိရောဂါဟာ ရာသီဥတုကြောင့် ဖြစ်တဲ့အတွက် ရောဂါဖြန်းဆေးတွေမရှိသလို ရော်ဘာအစေး အထွက်တိုးအောင်လည်း လုပ်လို့ မရဘူးလို့ သူက ဆက်ပြောပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကလည်း ရာသီဥတုအပါအဝင် လုံခြုံရေးအခြေအနေတွေကြောင့် ရော် ဘာအထွက်နှုန်း ကျဆင်းနေပေမယ့် ဈေးကွက်အတွင်းမှာ ရော်ဘာအဝယ်လိုက်နေတယ်လို့ ပြောပါတယ်။

“အထွက်နှုန်းကတော့ သိပ်ပြီးတော့ ထင်သလောက် မကောင်းသေးဘူး။ ပြောမယ်ဆိုလို့ရှိရင် ရာ သီဥတုလည်း ဖျက်နေတာပါတာပေါ့နော်။ ခြစ်ရက်လျော့တာလည်း ပါတာပေါ့။ ဟိုလုံခြုံရေးအရ မသွားတဲ့ ခြံတွေ ပြီးသွားလို့ရှိရင် ကျွန်တော်တို့ဒီ သွားရေးလာရေး ခက်ခဲတဲ့ ခြံတွေ ကျလို့ရှိရင်တော့ အထွက်နှုန်းက မကောင်းသေးဘူး။ဒါပေမယ့် စက်ရုံတွေကနေပြီးတော့မှ ဒီအစေးဝယ်ပြီးတော့ အသန့်ထုတ်တဲ့ စက်ရုံတွေဆိုရင် ဝယ်လိုက်နေတာပေါ့နော်”လို့ ဆိုပါတယ်။

ရော်ဘာဈေးကွက်အတွင်းမှာတော့ ရော်ဘာအထွက်နှုန်းကျဆင်းနေပေမယ့် တရုတ်နိုင်ငံဘက်မှ ဝယ်ယူမှု မြင့်တက်နေတာကြောင့် ရော်ဘာတစ်ပေါင်ကို ကျပ် ၃၀၀၀ ဝန်းကျင်အထိ ဈေးကောင်းရရှိနေပါတယ်။

ဒေသတွင်းမှာတော့ ရော်ဘာခြံအများစုဟာ အခုလို ရာသီဥတုကြောင့် ရောဂါပိုး ကျရောက်တာ၊ တချို့ ခြံတွေမှာ ကျွမ်းကျင်လုပ်သားရှားပါးတဲ့ ပြဿနာကြောင့် အစေးမခြစ်နိုင်ဘဲ ခြံပိတ်ထားရတာ ရှိတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

မွန်ပြည်နယ်ဟာ နိုင်ငံအတိုင်းအတာအရ ရော်ဘာ အများဆုံး စိုက်ပျိုးတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ရော်ဘာစိုက်ပျိုးမှုအနေနဲ့ ဧကပေါင်း ငါးသိန်းကျော်ရှိကာ နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.