ဘုရားသုံးဆူ ၊ ဒီဇင်ဘာ ၁
ဂိတ်စခန်းတည်ဆောက်မှုကြောင့် စစ်ရေးတင်းမာခဲ့တဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ ဒီမိုကရေစီအ ကျိုးပြု ကရင့်တပ်မတော် DKBA တို့ဟာ နှစ်ဖက်တပ်တွေ ပြန်ဆုတ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။
DKBA တပ်ဖွဲ့ဘက်က ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူနဲ့ ဂျပန်ရေတွင်းကျေးရွာအကြားမှာ ဂိတ်စခန်းအသစ်တစ်ခု တည်ဆောက်လာတဲ့အတွက် မွန်ပြည်သစ်ပါတီ NMSP နဲ့ နှစ်ဖက်စစ်ရေးတင်း မာခဲ့တာပါ။
DKBA တပ်ဖွဲ့ဘက်က တည်ဆောက်နေတဲ့ ဂိတ်စခန်းဟာ မွန်ပြည်သစ်ပါတီ NMSP ဂိတ်စခန်းနဲ့ ၂၅၀ မီတာလောက်သာ ကွာဝေးတာကြောင့် မွန်ပြည်သစ်ပါတီက တားမြစ်ပေမယ့် ဆက်လက်လုပ်ဆောင်တဲ့အတွက် စစ်ရေးတင်းမာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၂၇ ရက်နေ့မှာ DKBA တပ်ဖွဲ့ဘက်က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဓမ္မဝိဟာရဘုန်းကြီးကျောင်းအနီးတဝိုက်အပါအဝင် နေရာလေးခုမှာ ဝင်ရောက်နေရာယူခဲ့တဲ့အတွက် စစ်ရေးပိုမိုတင်းမာခဲ့တာပါ။
နှစ်ဖက်စစ်ရေး တင်းမာပြီးနောက် နိုဝင်ဘာ ၂၉ ရက်နေ့က ဘုရားသုံးဆူမြို့ရှိ DKBA အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေးဝမ်းရဲ့ နေအိမ်မှာ DKBA တာဝန်ရှိသူတွေနဲ့ မွန်ပြည်သစ်ပါတီက ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်အောင်မငေး ဦးဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အချိန် သုံးနာရီကျော်ကြာ အပြန်အလှန် ဆွေးနွေးပြီးနောက် DKBA ဘက်က ကြံတောကျေးရွာရှိ ဂိတ်စခန်းအား ဆုတ်ခွာပေးဖို့နဲ့ NMSP ဘက်ကလည်း ဂျပန်ရေတွင်းကျေးရွာအသွားလမ်းရှိ ဂိတ်စခန်းအား နောက်ဆုတ်ပေးဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။
“အဆင်ပြေပြီးလို့ ပြောတယ်။ တပ်တွေပြန်ဆုတ်တယ်။ ဟိုဘက်က NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေး ဆင်းလာတယ်။ အဲဒီမှာ လူကြီးတွေနဲ့ ဆွေးနွေးပြီး တို့နောက်ဆုံးတပ်တွေ ပြန်ဆုတ်ပြီးတော့ အဆင်ပြေကုန်ပြီ”လို့ DKBA ဘုရားသုံးဆူမြို့ ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးစောလှမြိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်တပ်တွေ ပြန်ဆုတ်ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်အောင်မငေးထံ သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း ဘုရာသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ ဂိတ်စခန်းအနီးမှာ DKBA တပ် ဖွဲ့ဘက်က စခန်းအသစ်တည်ဆောက်ဖို့ လုပ်ဆောင်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီ NMSP နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ပြီး အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှစ်ကြိမ်ထက်မနည်း တက်ရောက်ထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ