သံဖြူဇရပ်၊ ဒီဇင်ဘာ ၁
နှစ်ဖက်တိုက်ပွဲတွေကြောင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့ပေါ်ထံ တိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေ များလာတာကြောင့် အိမ်ငှားခနဲ့ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန်ထိုးတက်လာတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ကြားအင်ဆိပ်ကြီးမြို့နယ်အစပ်နဲ့ သံဖြူဇရပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ သံဖြူဇရပ်မြို့ပေါ် ရပ်ကွက်တွေထံ အများဆုံး ပြောင်းရွှေ့လာတဲ့အတွက် အိမ်ခြံမြေဈေးနှုန်း အဆမတန်မြင့်တက်ခဲ့တာပါ။
အိမ်ငှားခဈေးနှုန်းအနေနဲ့ အရင်ကကျပ်ငါးသောင်းတန် အိမ်ငှားခဈေးနှုန်းဟာ ကျပ်တစ်သိန်းခွဲကျော်အထိ ဈေးနှုန်းထိုးတက်လာပြီး ကျန်အိမ်ငှားခဈေးနှုန်းတွေကလည်း အဆောက်အဦးအပေါ် မူတည်ပြီး သုံးဆနီးပါး ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အိမ်ငှားခဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် အရင်ကတည်းက ငှားရမ်းထားသူတွေအပေါ်မှာ အိမ်ရှင်တွေက ပေါက်ဈေးအရဟုဆိုကာ ဈေးပိုးတောင်းလာတာကြောင့် အခက်ကြုံနေရတယ်လို့ အိမ်ငှားနေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အိမ်ခြံမြေဈေးကွက်မှာ ပေ ၄၀ / ပေ ၆၀ တစ်ကွက်ကို ကျပ် သိန်း ၅၀၀ ကနေ ကျပ် ကျပ်သိန်း ၁၀၀၀ ကျော်အထိ မြင့်တက်လာသလို အိမ်ဈေးနှုန်းကလည်း အရင်ကထက် သုံးဆနီးပါး မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ကြာအင်းဆိပ်ကြီးနဲ့သံဖြူဇရပ်မြို့နယ်အကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ ဇီးနှစ်ပင်၊ စခန်းကြီး၊ ပယော်ဟဲအပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးက ဒေသခံပြည်သူ ၆၀၀၀ ကျော် စစ်ရှောင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ