တနင်္သာရီ၊ ဒီဇင်ဘာ ၁

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုမှာ ကွမ်းသီးကောက်သွားတဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေဖဝါးပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။

ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုကျေးရွာ ဆီးအုန်းကုန်းမှာ ကွမ်းသီးကောက်ဖို့သွားတဲ့ ဒေသခံ အ မျိုးသမီးဟာ နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် ရမ်းဖိုကျေးရွာနေ အသက် ၂၇ နှစ်အရွယ် မသန္တာဦးဟာ ဘယ်ဖက် ခြေဖဝါးပြတ်တောက် ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲခဲ့တဲ့ ရမ်းဖိုကျေးရွာဟာ ဘန်းလမွတ်ကျေးရွာအုပ်စုထဲမှာရှိပြီး စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ လမ်းတွေနဲ့ ဥယာဉ်ခြံတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ဘန်းလမွတ်ကျေးရွာမှာ ဆိုင်ကယ်နဲ့ ဥယျာဉ်ခြံထဲသွားတဲ့ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL ရဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာမြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေ အများဆုံးဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀၀ ကျော်ထိရှိခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် နှစ်စဉ်လူသေဆုံးမှုများနေတဲ့ ဆီးရီးယားနိုင်ငံထက် ထိခိုက်သေဆုံးသူ ၇၀ ဦး ပိုများခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.