မော်လမြိုင်၊ နိုဝင်ဘာ ၃၀

နိုင်ငံတဝန်းမှာ အခုနှစ် နိုဝင်ဘာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ၇၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသာများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာလ၂၉ ရက်နေ့အထိ စစ်ကောင်စီ လက်ချက်ကြောင့် အမျိုးသမီး ၃၁ ဦးနဲ့ အမျိုးသား ၄၄ ဦးသေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်မှာ ၂၁ ဦးနဲ့ သေဆုံးသူအများဆုံး ဖြစ်ပါတယ် ။

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် ၄၁ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

အဲဒီကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား ၂၅ ဦး စုစုပေါင်း ၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပဲခူးတိုင်းမှာ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှု လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၆၀၀၀ ဦး ရှိလာတယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

AAPP ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်အထိ တစ်စုံတစ် ရာတုံ့ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.