ဖလမ်း ၊ နိုဝင်ဘာ ၃၀
ကျန်းမာရေးကဏ္ဍဖြစ်တဲ့ ဆေးရုံ၊ဆေးခန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ တားဆီးအရေး ယူဖို့ အထူးလိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းပါတယ်။
အာဏာသိမ်းမှုအတွင်း အများပြည်သူနဲ့သက်ဆိုင်တဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေ ကြောင်း အသုံးပြုတိုက်ခိုက်နေတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ချင်းပြည်နယ် ဖလမ်းမြို့နယ်က လုမ်သဲပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း နှစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ခုနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကာ ဆေးရုံအဆောက်အအုံနဲ့အနီးအနားက ပြည်သူ့နေအိမ်တွေလည်း မီးလောင် ပျက်စီးခဲ့ရတယ်လို့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပါတယ်။
အခုလို စစ်ကောင်စီက ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ ဆိုပါတယ်။
အသက်ကို ပဓာန မထားဘဲ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို ကြိုးပမ်းဆောင်ရွက်နေတဲ့ ဝန် ထမ်းတွေ၊ဒေသခံပြည်သူတွေအတွက် ဝမ်းနည်းရကြောင်းနဲ့ နစ်နာဆုံးရှုံးမှုအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမယ်လို့ NUG က ပြောပါတယ်။
နိုင်ငံတကာအနေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းတွေသုံးပြီး တားဆီးအရေးယူကာ ထိခိုက်ခံစားနေရတဲ့ မြန်မာပြည် သူဘက်မှာ စာနာရပ်တည်ပေးဖို့ တိုက်တွန်းတောင်းဆိုတာပါ။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အခက်အခဲစိန်ခေါ်မှုတွေရှိပေမယ့် သူရဲကောင်းကျန်းမာရေးဝန် ထမ်းတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဒေသခံအဖွဲ့အစည်းတွေ ပြည်သူတွေနဲ့လက်တွဲပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Gatty Image