မော်စကို၊ နိုဝင်ဘာ ၂၉

ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိဗ်မှာရှိတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချမှတ်ရာ နေရာတွေကို မိမိတို့ရဲ့ ပဲ့ထိန်း ဒုံးကျည်အသစ် Oreshnik နဲ့ ပစ်ခတ် ရှင်းလင်းပစ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက်လိုက်ပါတယ်။

ရုရှား နယ်မြေထဲကို ယူကရိန်းက အမေရိကန် ထောက်ပံ့ထားတဲ့ Atacms ဒုံးကျည်နဲ့ ဆက်လက် တိုက်ခိုက်နေတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ တည်နေရာတွေကို ရုရှားက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး နာရီပိုင်းအကြာမှာ သမ္မတ ပူတင်က အခုလိုမျိုး ပြောကြားလာတာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ အကြပ်ကိုင်မှု မှန်သမျှကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။

ယူကရိန်းက ရုရှားရဲ့ ရာနှုန်းပြည့် ကျူးကျော်တိုက်ခိုက်မှု စတင်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ ရုရှား နယ်နိမိတ်ထဲသို့ Atacms ဒုံးကျည်တွေ၊ ဗြိတိန် ထောက်ပံ့ထားတဲ့ Storm Shadow ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒါကလည်း အနောက်တိုင်းက လက်နက် အကူအညီ ပေးထားတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ ခွင့်ပြုချက် ရရှိပြီးမှ ယူကရိန်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားက နိုဝင်ဘာ ၂၈ ရက် ညပိုင်းမှာ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာတည်နေရာတွေကို ကြီးကြီးမားမား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လူတွေ သေဆုံးမှု မရှိခဲ့ပေမယ့် လူ တစ်သန်းကျော် လျှပ်စစ်မီး မရ ဖြစ်သွားခဲ့ပါတယ်။

အရပ်ဖက်နဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦတွေကို ရုရှားက အတွဲလိုက် ဗုံးတွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုအတွင်း ကြားဖြတ် ပစ်ချဖို့ မဖြစ်နိုင်ဘူးလို့ သမ္မတ ပူတင် ပြောဆိုထားတဲ့ “Oreshnik” ဒုံးကျည် အပါအဝင် ဒုံးကျည် အစင်းပေါင်း ၉၀ ကျော်နဲ့ ဒရုန်း ၁၀၀ ပါဝင်တယ်လို့ ဆိုပါတယ်။

ရုရှားမှာ စမ်းသပ်ဆဲ Oreshnik ဒုံးကျည် အရေအတွက် အနည်းငယ်သာ ရှိပြီး ထပ်ပြီး ထုတ်လုပ်ဖို့ အချိန်ယူရဦးမယ်လို့ အမေရိကန် အရာရှိတွေက ယုံကြည်ထားကြပါတယ်။

သမ္မတ ပူတင်ဟာ အခုစစ်ပွဲကို အဆုံးသတ်လိုတဲ့ စိတ်ဆန္ဒမရှိဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဆိုပါတယ်။

ပူတင်က ရုရှားအနေနဲ့ ယူကရိန်းကို နျူကလီးယား လက်နက် ပိုင်ဆိုင်ခွင့်ပေးမှာ မဟုတ်ဘဲ ပိုင်ဆိုင်ခဲ့ရင်လည်း ရုရှား စစ်တပ်ရဲ့ ဖျက်ဆီးတာ ခံရလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

သမ္မတ ဇီလန်စကီးက ယူကရိန်းအနေနဲ့ ဆိုဗီယက်ပြည်ထောင်စုဆီက အမွေရခဲ့တဲ့ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ခဲ့မိတာကြောင့် လိုအပ်တဲ့ ကာကွယ်ရေး စွမ်းပကား မရှိ ဖြစ်နေတယ်လို့ အကြိမ်ကြိမ် ပြောဆိုထားဖူးပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.