ဘန်ကောက်၊ နိုဝင်ဘာ ၂၉
အာဏာရ ဖူထိုင်းပါတီ အနေနဲ့ ဥဒွန်သာနီပြည်နယ်မှာ အနိုင်ရခဲ့ပြီးနောက် ဥဘွန်ရတ်ချာသာနီ၊ ချင်းမိုင်နဲ့ ဆီဆာကတ်ပြည်နယ်တို့မှာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ PAO ဥက္ကဋ္ဌ ရာထူးအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ကူညီပေးသွားမယ်လို့ ပြောပါတယ်။
သက်ဆင်ဟာ ကိုယ်စားလှယ်လောင်းတွေ လျှောက်လွှာ တင်ရမယ့် ပထမဆုံးနေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ ဥဘွန်ရတ်ချာသာနီ ပြည်နယ်သို့ သွားရောက်မှာ ဖြစ်ပြီး ဖူထိုင်း ပါတီ လွှတ်တော်အမတ် ဝိုရာဆစ် ကော်လ်တီနန်ရဲ့ နေအိမ်မှာ ပါတီ ထောက်ခံသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
စီစဉ်ထားတဲ့ ခရီးစဉ်အတွင်း သက်ဆင်အနေနဲ့ PAO ဥက္ကဋ္ဌဟောင်း၊ ဖူထိုင်း ပါတီ ကိုယ်စားလှယ်လောင်း ကန် ကောလ်တီနန်အတွက် စည်းရုံးပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
စောစောပိုင်းကလည်း သက်ဆင်ဟာ ဥဒွန်သာနီပြည်နယ်မှာ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရာထူးဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကို ကူညီပေးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်မှာ လူပေါင်း ၅၀၀၀ လောက်ကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
တရားဝင် မဟုတ်တဲ့ မဲစာရင်းတွေအရ သက်ဆင် ကူညီပေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲ အနိုင်ရနိုင်တယ်လို့ သိရပါတယ်။
သက်ဆင်ဟာ ဒီဇင်ဘာ ၂၃ ရက်မှာ ချင်းမိုင်သို့ သွားရောက်ပြီး အဲဒီက ပါတီ ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲ အနိုင်ရအောင် ကူညီ ပေးသွားမှာ ဖြစ်သလို ဒီဇင်ဘာနှောင်းပိုင်းမှာတော့ ဆီဆာကတ် ပြည်နယ်က ပါတီ ကိုယ်စားလှယ်လောင်းကို သွားရောက် ကူညီပေးသွားမှာ ဖြစ်တယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်က ပြောကြားထားပါတယ်။
သက်ဆင်ရဲ့ ခရီးစဉ်မှာ ပါတီရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ လိုက်ပါသွားမှာ ဖြစ်ပေမယ့် သူ့ရဲ့ သမီး ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကတော့ အာဏာ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ မထွက်လာစေရေး လိုက်ပါမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံတဝန်း ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲတွေကို ဖေဖော်ဝါရီအတွင်း ကျင်းပသွားမှာ ဖြစ်ပြီး ဖူထိုင်းပါတီက ကိုယ်စားလှယ်လောင်း အများအပြား ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်ထား ပါတယ်။
Ref:Bangkok Post