မော်လမြိုင်၊ နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းခွဲနီးပါးအထိ စံချိန်တင် မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မြင့်တက်နေပြီး အရပ်သားတွေအတွက် ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေနဲ့အတူ မြန်မာနိုင်ငံက လူသားချင်းစာနာမှု အကျပ်အတည်းဟာ ဆက်လက်ဆိုးဝါးနေတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေကြား ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး လက်ရှိအချိန်ထိ တိုင်းနဲ့ပြည်နယ် ၁၅ ခုအနက် ၁၂ ခုမှာ တိုက်ပွဲဒဏ်ကို ခံနေရတယ်လို့ UNOCHA က ဆိုပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေဟာ လူသားချင်စာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အတားအဆီးမရှိ သွားလာခွင့် ပေးရမှာဖြစ်ပြီး အရပ်သားပြည်သူတွေဆီ လူမှုဘဝ ကယ်ဆယ်ရေးအကူအညီတွေ ရောက်ရှိဖို့ ရှုပ်ထွေးတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးရမယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်အစကကနေ စက်တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ လူဦးရေ သုံးသန်းနီးပါးကို အကူအညီတွေ ပေးခဲ့ပြီးဖြစ်ပေမယ့် ရန်ပုံငွေရရှိမှု နည်ပါးတာကြောင့် ပြည့်ပြည့်ဝဝ အကူအညီ မပေးနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၄ နှစ်ကုန်ပိုင်းကို ရောက်ရှိလာခဲ့ပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေး လုပ်ငန်းစီမံချက်တွေအတွက် ရန်ပုံငွေ ၃၄ ရာခိုင်နှုန်းသာ ရရှိသေးတကြောင့် လူသာချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အရေးပေါ်အကူအညီတွေပေးဖို့ ထိခိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ
ပုံစာ – မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရစဉ်။