တောင်ကုတ်၊ နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တစ်ခုမကျန် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
တောင်ကုတ်မြို့ပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ၁၇ ရက်အကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့တစ်ခုလုံးကို AA က နိုဝင်ဘာ ၂၄ ရက်နေ့မှာ အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာပါ။
AA သိမ်းပိုက်ခဲ့တဲ့ တပ်စခန်းတွေဟာ တောင်ကုတ်မြို့ တက္ကသိုလ်ကျောင်း ပတ်ဝန်းကျင်နဲ့ မြို့ဝင် မြို့ထွက်ဂိတ်စခန်းတွေအပြင် အနီးအနားရှိ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် AA ဟာ တောင်ကုတ်မြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ တောင်ကုတ်အခြေစိုက် စကခ ၅ တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းဌာနချုပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။
တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်မစတင်မီကတည်းက မြို့အား ဝိုင်းရံပိတ်ဆို့ထားသလို စစ်ကောင်စီစခန်းအနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူတွေကို တိုက်ပွဲနဲ့ ကင်းလွတ်တဲ့နေရာတွေကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော်မှာ တောင်ကုတ်မြို့ကို အလုံးစုံ မထိန်းချုပ်တဲ့ ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့အတွင်းရှိ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ ဖျက်ဆီးခြင်းနဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ဒေသခံပြည်သူတွေရဲ့ တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူနေတဲ့ သူခိုးတွေကို ခိုးရာပါပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားပြီး ပိုင်ရှင်အစစ်အမှန်ထံ ပြန်လည်ပေးအပ်သွားမှာ ဖြစ်သလို ကျန်ရှိနေတဲ့ သူခိုးတွေကို လိုက်လံရှာဖွေပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ အသိပေးထားပါတယ်။
အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ရန် ကျန်ရှိနေတဲ့ မြို့တွေကို တစ်မြို့ပြီးတစ်မြို့ သိမ်းယူနိုင်ရေးအတွက် စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အခုလတွေမှာ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ဒေသမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေး တစ်နှစ်ကျော်ကာလအတွင်း ရက္ခိုင့်တပ်တော် AA ဟာ ချင်းပြည်နယ် ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်က ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏာကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ပေါက်တော၊ သံတွဲနဲ့ ကျိန္တလီမြို့တို့ကို သိမ်းပိုက်ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA
ပုံစာ – ရခိုင်ပြည်နယ် အမ်းအခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခု AA သိမ်းပိုက်စဉ်။