ရေဖြူ၊ နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ဒေါနစစ်ကြောင်းနာမည်ခံပြီး ငွေကြေးတောင်းခံမှုတွေ ရှိနေတဲ့အတွက် တိုင်ကြားပေးကြဖို့နဲ့ သိရှိပါက ထိရောက်စွာအရေးယူသွားမယ်လို့ ဒေါနစစ်ကြောင်းက နိုဝင်ဘာ၂၈ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ဒေါနစစ်ကြောင်းဟာ ပြည်သူလူထုထံကနေ ငွေကြေးကောက်ယူတာ၊ ငွေညှစ်တာ၊ လောင်းကစားဝိုင်းတွေ ခွင့်ပြုတာ၊ အခွန်ဆက်ကြေးကောက်ခံမှုတွေကို အဖွဲ့အစည်း စတင်တည်ထောင်ချိန်ကစပြီး လက်ရှိအချိန်အထိ ပြုလုပ်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒေါနစစ်ကြောင်း အမည်သုံးပြီး ဖြစ်စေ၊ ဒေါနစစ်ကြောင်းရဲ့ ရဲဘော်တစ်ဦးဦးမှ ဖြစ်စေ ငွေကြေးတောင်းခံလာပါက သက်သေနဲ့တကွ ထုတ်ပြန်ထားတဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် ဒေါနစစ် ကြောင်း Facebook Page မှာ လာရောက်တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။

ဒေါနစစ်ကြောင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ယုယက ရေဖြူနဲ့ကံပေါက်ဒေသအပါအဝင် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းရဲ့ နေရာတချို့မှာ ကုန်ကားသမားတွေထံကနေ ငွေကြေးတောင်းခံမှုတွေ ရှိနေတဲ့အတွက် အခုလိုအသိပေးထုတ်ပြန်ရတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေါနစစ်ကြောင်းအနေနဲ့ စစ်ကြောင်းအမည်ခံ ငွေကြေးတောင်းခံမှုတွေကို စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး သိရှိပါကထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒေါနစစ်ကြောင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးနဲ့ရေဖြူမြို့နယ်အတွင်း အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေသလို စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုတွေကိုလည်း ဆင်နွှဲထားတဲ့ စစ် ကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါနစစ်ကြောင်းဟာ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး – ထားဝယ်လမ်းပိုင်းကိုလည်း တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး အချိန်တစ်နှစ်ကျော်ကြာတဲ့အထိ ထိန်းချုပ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.