ကျိုက်ထို၊ နိုဝင်ဘာ ၃၀

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်အခြေစိုက် ကော့စနိုင်လူမှုကူညီရေးအသင်းဝင် တစ်ဦးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကော့စနိုင်လူမှုကူညီရေးအသင်းဝင် ဦးမြအောင်ကို စစ်ကောင်စီရဲ့ ကျိုက်ထိုမြို့နယ်တရားရုံးကနေ နိုဝင်ဘာ ၂၇ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၀ အမိန့်ချမှတ်လိုက်တာပါ။

စစ်ကောင်စီကတော့ ဖမ်းဆီးခံ ကော့စနိုင်လူမှုကူညီရေးအသင်းဝင် ဦးမြအောင်ဟာ PDF တွေထံ ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပ ဒေ ပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာပါ။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တို့မှာ ကော့စံနိုင် လူမှုကူညီရေးအသင်းဝင်တွေဖြစ်တဲ့ ဦးမြအောင်၊ သမီးဖြစ်သူ မချစ်စုရတနာ၊ ကိုချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ကို PDF ထောက်ပို့စွပ်စွဲချက်နဲ့ နေအိမ်တွေနဲ့လမ်းတွေမှာ ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီနောက် သူတို့လေးဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်အရေးယူပြီးနောက် လူမှုကူညီရေးအသင်းဝင် ဦးမြအောင်ကို ပထမဆုံးအနေနဲ့ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

အမိန့်ချမှတ်ခံလိုက်ရတဲ့ ဦးမြအောင်ကိုတော့ စစ်ကောင်စီက သထုံအကျဉ်းထောင်ထံ ပြောင်းရွှေ့သွားပြီး ကျန်ရှိတဲ့လူမှုကူညီရေးအသင်းဝင်သုံးဦးကို ကျိူက်ထိုမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဆက်လက်တရား ရင်ဆိုင်နေရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ထုတ် အ စီရင်ခံစာရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ လူပေါင်း ၂၇၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၂၁၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.